International News

စင်ကာပူ - တရုတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ကုန်သွယ် ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူသုံးကုန်ပစ္စည်းများနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူ-တရုတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို စင်ကာပူစီးပွား ရေးအသင်းအဖွဲ့(Singapore Business Federation-SBF)က ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် ကုန်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တီထွင်ဆန်းသစ်မှု၊ ပညာရေးနှင့် လူသုံးကုန် ပစ္စည်းများနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ ၁၆ ခုလက်မှတ် ရေးထိုးခဲ့ပါသည်။

 SBF နှင့် Bank of China ၏ စင်ကာပူရုံးခွဲတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာသည် တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စင်ကာပူအခြေစိုက်ကုမ္ပဏီများကို အထောက် အကူပြုရန်ရည်ရွယ်ပါသည်။ နှစ်နိုင်ငံအကြား ခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ ဒီဂျစ်တယ်လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့်နည်းပညာများ(clean technologies)၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တီထွင်ဆန်းသစ်မှုစသည့်လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန် တရုတ်လုပ်ငန်းများအတွက် အာဆီယံသို့ ဈေးကွက်ချဲ့ထွင်ရာ၌ ဝင်ပေါက်တစ်ခုဖြစ်သည့် စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး Mr. Peter Tan က ကမ္ဘာ့စီးပွားရေးအရွေ့အပြောင်းများတွင် နှစ်နိုင်ငံဆက်ဆံရေး ၏အရေးကြီးမှုနှင့် ကုန်စည်များ စဉ်ဆက်မပြတ်ပေးသွင်းထောက်ပံ့နိုင်မှုနှင့်အာဆီယံဒီဂျစ်တယ်ကဏ္ဍတို့အတွက် စင်ကာပူနိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍတို့ကို အလေးပေးပြောကြားခဲ့ပါသည်။

 SBF ၏ဥက္ကဋ္ဌ Mr. S.S Teo က “အရှေ့တောင်အာရှတွင် အခွင့်အလမ်းများရှာဖွေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုအားကောင်းစေရေးဆောင်ရွက်ကြရန် စင်ကာပူစီးပွားရေးလုပ်ငန်းများနှင့် တရုတ်စီးပွားရေး လုပ်ငန်းများကို တိုက်တွန်းအားပေးကြောင်း၊ စင်ကာပူနိုင်ငံ၏ မဟာ ဗျူဟာကျသည့် တည်နေရာ၊ ယဉ်ကျေးမှုဆိုင်ရာအားသာချက်များနှင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနိုင်မှုတို့သည် နှစ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ စီးပွားရေးချိတ်ဆက်မှု ခိုင်မာအားကောင်းစေခြင်းဖြင့် စက်မှုလုပ်ငန်းအသစ်များနှင့် အနာဂတ်တွင် ပေါ်ထွန်းလာနိုင်သည့်ကဏ္ဍများတွင် အရည် အသွေးမြင့်မားသည့်အခွင့်အလမ်းများကို မျှော်မှန်းနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        Singapore Business Federation

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News