Local News

ပို့ကုန်မတ်ပဲ ဆက်လက်စံချိန်တင်ဈေးမြင့်တက်နေ

Last Updated:

ရွှေမန်း

ပို့ကုန်မတ်ပဲဈေးဆက်လက် စံချိန်တင် ဈေးမြင့်တက်နေ အဝယ်ကောင်းနေသော်လည်း ပြည်တွင်းသုံး ပဲများပုံမှန်ဈေးသာ အရောင်းအဝယ်ရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ ပဲတီစိမ်းဈေးမှာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဈေးကျဆင်းနေရာ လှောင်လက်သမားအချို့ အဝယ်ရှိနေခြင်းဖြစ်သည်။

ပို့ကုန်မတ်ပဲဈေးမှာ အောက်တိုဘာလကုန်ပိုင်း ရက်များကတည်းက ဈေးမြင့်တက်နေရာမှ နိုဝင်ဘာလဆန်းပိုင်းတွင် ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ပဲစင်းငုံမှာ ပြည်တွင်းလက်ကျန် နည်းလာတာကြောင့် ဈေးကောင်းသော်လည်း အရောင်းအဝယ်ပမာဏ အနည်းအငယ်သာရှိကြောင်း မြေပဲဆန်ဈေးမှာ ကျဆင်းနေတာကြောင့် ဆီစက်ပိုင်များ အဝယ်ကောင်းနေကြောင်း  ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

"လက်ရှိနိုင်ငံရေးအခြေအနေအရ  တရုတ်လိုင်းသွားတဲ့ ပဲတွေအကုန် အရောင်းအဝယ်အေး သွားတယ်။ ပဲတီစိမ်းဈေးက ပိုကျသွားတော့ လှောင်သမားတွေ အဝယ်ရှိလာတယ်။ နှမ်းမျိုးစုံ လည်းဈေးကျတယ်၊၊ တရုတ်ပြည်က ပြန်ဝင်တဲ့ ကနေဒါစားတော်ပဲက ဈေးပြန်တက်လာတယ်။ ပြည်တွင်းသုံးကုလားပဲတွေကတော့ ပုံမှန်ဈေးတန်းပဲရှိနေပါတယ်။ မတ်ပဲကတော့ ဆက်လက် စံချိန် တင်ဈေးမြင့်တက်လာပါတယ်။ ပဲစင်းငုံကတော့ လက်ကျန်နည်းလာတော့ အဝယ်ခက်ပါတယ်။ မြေပဲဆန်ကတော့ ပြည်တွင်းဆီ စက်ပိုင်တွေ အဝယ်ကောင်းနေ ပါတယ်" ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂ ရက်တွင်  သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀ ပေါက်ဈေးဖြင့် ဆက်လက် စံချိန်တင် ပေါက်ဈေးဖြစ်လာပြီး ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀ ထိ ဈေးမြင့်တက်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀  ပေါက်ဈေး ဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး နိုဝင်ဘာလ ၂ ရက်တွင် ကုလားပဲ  V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၂၀၀၀  ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၃၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၃၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးရှိသည်။ နှမ်းမျိုးစုံဈေးကွက်မှာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဈေးကျဆင်းလျက်ရှိရာ နှမ်းဖြူ (ဂျပန်)၄၅ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေကျပ်၂၇၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀  ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News