Local News

ကြံထွက်ရာသီရောက်ရှိလာတော့မှာဖြစ်လို့ ပြည်တွင်းထုတ် သကြားဈေးကွက် အကျဈေးနဲ့သာတည်ငြိမ်နေ

Last Updated:

မကြာမီကြံထွက်ရာသီချိန် ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ပြည်တွင်းထုတ် သကြားဈေးကွက်ဟာအကျဈေးနဲ့သာတည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။  စက်ရုံထုတ် သကြားဈေးနှုန်းများဟာကုန်ခဲ့တဲ့ အချိန်နှစ်လခန့်မှ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက မန္တလေးပေါက်ဈေးအရ တစ်ပိဿာကိုငွေကျပ် ၃၇၅၀ ကျပ်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ငွေကျပ် ၃၆၅၀ ၌ တည်ငြိမ်လျက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိပြင်ပလက်လီဈေးနှုန်းပေါက်ဈေးမှာတော့ သကြားတစ်ပိဿာကိုငွေကျပ် ၄,၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့လည်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပြည်တွင်းသကြားစက်ရုံများအနေဖြင့် သကြားဖြူကိုသာထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၅ သိန်းကျော် ထွက်ရှိနေကာပြည်တွင်းအတွက် တန်ချိန် ၄သိန်းဝန်းကျင်စားသုံးရန်လျာထားပြီး ယင်းမှ ပိုလျှံ တဲ့ သကြားတန်ချိန် ၁သိန်းကျော်ကို ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနေကာတရုတ်နိုင်ငံနှင့် အခြားနိုင်ငံအချို့သို့လည်းရောင်းချနေကြောင်းသိရပါတယ်။  

ကြံရာသီအသစ်ဟာအခုနိုဝင်ဘာလကုန်ပိုင်းမှာစတင်ရောက်ရှိလာတော့မှာဖြစ်တာကြောင့် စက်ရုံများမှ ၂၀၂၃-၂၀၂၄ ကြံရာသီအသစ်ကိုစတင်လည်ပတ်ကြတော့မှာမို့ သကြားဈေးဟာဆက်လက် တည်ငြိမ်နေမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်နှင့်ဇူလိုင် လတွေမှာသာဈေးနှုန်းအပြောင်းအလဲအနည်းငယ်ဖြစ်နိုင်လိမ့်မယ်လို့လည်း လုပ်ငန်းရှင်များကခန့်မှန်းထားကြောင်းသိရပါတယ်။ 

Source: https://t.me/htwettoe

Category: Local News