International News

ဗီယက်နမ်နိုင်ငံ ပို့ကုန်ဆန် ပြည်တွင်းဈေးနှုန်းများ စံချိန်တင်မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံတွင် ပြည်ပသို့တင်ပို့သည့် ဆန်အမျိုးအစား အကောင်းစားများ စံချိန်တင် ဈေးမြင့်တက်နေသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ An Giang တွင် နေထိုင်သူ Hoa အမည်ရှိ လယ်သမားတစ်ဦးက ကုန်သည်များသည် သူမ၏ Dai Thom ဆန်ကို စျေးအမြင့်ပေးပြီး ဝယ်ယူရန် ကမ်းလှမ်းကြသည်ဟု ပြောကြားသည်။  "ကုန်သည်များက အဆက်မပြတ် ထပ်ခါတလဲလဲ ဆက်သွယ်နေတယ်" ဟု သူမက ပြောသည်။

"ပြီးခဲ့တဲ့ရာသီက တစ်ကီလိုဂရမ်ကို ဒေါင် ၈,၀၀၀ ($0.33) နဲ့ ရောင်းခဲ့တယ်။ ဒါပေမယ့် အခုဈေးက ဒေါင် ၉,၀၀၀ အထိ တက်သွားတယ်" ဟု Hoa က ပြောသည်။ ၁၂.၅% မြင့်တက်သွားသည်။ Vinh Long မှလယ်သမားတစ်ဦးဖြစ်သူ Manh ကလည်း ကုန်သည်များ ဆက်သွယ်မေးမြန်းနေကြပြီး သူက  မရောင်းသေးကြောင်း ပြောသည်။ "ဒီနှစ် အထွက် မများဘူး။ ဒီတော့ ဈေးတွေ တက်ဦးမှာပါ"ဟု သူက ပြောသည်။ အလယ်ပိုင်းကုန်းမြင့်နှင့် မြောက်ပိုင်းဒေသများတွင်လည်း အလားတူ အခြေအနေများကို တွေ့မြင်ရသည်။

Kon Tum အလယ်ပိုင်းကုန်းမြင့်ပြည်နယ်တွင် Dai Thom ဆန် စိုက်ပျိုးသူ Dang က အောက်တိုဘာလ ၂၆ ရက်တွင် ကုန်သည်များက တစ်ကီလိုဂရမ် ဒေါင် ၉,၀၀၀ ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။ သူက ရောင်းဖို့ ငြင်းဆန်ခဲ့သည်။ နောက်တနေ့တွင် ကုန်သည်များက ၁၁,၀၀၀ ပေးသည်။ ၂၂% မြင့်တက်ခြင်း ဖြစ်သည်။ “ကျွန်တော် နှစ်တန်ရောင်းပြီး ကျန် ၂ တန်ကို  သိမ်းထားပါတယ်။ ဈေးတွေ ထပ်တက်တော့မှ ရောင်းမယ်” ဟု Dang က ပြောကြားသည်။ 

မကြာသေးမီက ဆန်ဈေးများ နေ့စဉ်နှင့်အမျှ မြင့်တက်နေကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ပြောသည်။ အထူးသဖြင့် မြောက်ပိုင်းနှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများတွင် ဖြစ်သည်။ ပြည်ပသို့ ဆန်တင်ပို့သည့် ဈေးနှုန်းများလည်း မြင့်တက်သည်။ ၅% ဆန်ကွဲပါ ဆန်တတန် $643 သို့ ရောက်ရှိခဲ့ပြီး ၁၅ နှစ်တာအတွင်း အမြင့်ဆုံး စံချိန်သစ်ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု စျေးနှုန်းသည် ၎င်း၏ အဓိက ပြိုင်ဖက် နှစ်နိုင်ငံထက် ကျော်လွန်နေပြီ ဖြစ်သည်။ ထိုင်းဆန်ထက် ၁၃ ရာခိုင်နှုန်း နှင့် ပါကစ္စတန်ဆန်ထက် ၁၆ ရာခိုင်နှုန်း ပိုများနေသည်။ ဗီယက်နမ်ဆန် အရည်အသွေး မြှင့်တင်မှုကြောင့် ကမ္ဘာ့ဆန်ဝယ်ယူသူများ သဘောကျသည့်အချက်ဖြစ်သည့်အတွက် ဗီယက်နမ်ဆန် ဈေးမြင့်သော်လည်း အဝယ်လိုက်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

ကမ္ဘာ့ဆန်ဝယ်လိုအားလည်း မြင့်တက်လာနေကြောင်း ဆန်တင်ပို့သူများက ပြောကြားသည်။ ဆန် ဈေးတက်ရသည့် နောက်ထပ်အကြောင်းတချက်မှာ ဗီယက်နမ်နိုင်ငံ၏ ဆောင်းဦး-ဆောင်းရာသီ စပါးရာသီသည် အခြားရာသီများထက် အထွက်နှုန်းနည်းသောကြောင့် ဈေးကွက်ထဲ ဆန်ပေးသွင်းမှု လျော့နည်းသည်။

 

အလယ်ပိုင်း ကုန်းမြင့်ဒေသမှ  ကုန်သည် Nguyen Van Tuan က တောင်သူအများစုသည် စပါးအစား ပြောင်း သို့မဟုတ် အာလူး စိုက်ပျိုးထားကြသဖြင့် အထွက်နှုန်းမှာ ယခင်ရာသီထက် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြောသည်။ သို့ဖြစ်ရာ ဈေးကွက်ထဲ ဆန်ပေးသွင်းမှု လျော့နည်းနေသည်။ ထိုသို့ ဈေးကွက်ထဲ ပေးသွင်းသည့် ဆန်ပမာဏ လျော့ကျသဖြင့် ကုန်သည်များ ဆန်ရဖို့ ခက်ခဲနေသည်။ 

ဆန်တင်ပို့ရောင်းချရေးကုမ္ပဏီ Ngoc Quang Phat ၏ စီအီးအို Huynh Thi Bich Huyen က မကြာသေးမီက စ၍ ရောင်းလိုအား ကျဆင်းမှုနှင့် နေ့စဉ်စျေးနှုန်းများ အဆက်မပြတ်တက်ခြင်းကြောင့် ဆန်အလုံအလောက် ဝယ်ယူရရှိရန် အလွန်ခက်ခဲကြောင်း ပြောကြားသည်။ ဗီယက်နမ်နိုင်ငံ စားသောက်ကုန်အသင်း၏ လက်ထောက်ဥက္ကဋ္ဌ ဒိုဟာနမ်က ပြည်တွင်း ဆန်ဈေးသည်  ပို့ကုန်ဆန် ဈေးနှုန်းထက်ပင် ယခုအခါ ပိုမိုမြင့်မားနေသည်ဟု ဆိုသည်။

“ပြည်တွင်း ဆန်ဈေး ဒီရေချိန်မှာ ဆက်ရှိနေရင် ပို့ကုန် လုပ်ငန်းရှင်တွေ အမြတ်အစွန်းရဖို့ တစ်တန်ကို ကန်ဒေါ်လာ ၆၅၀-၆၈၀ နဲ့ ရောင်းရလိမ့်မယ်”ဟု ၎င်းက ပြောကြားသည်။ ပြည်တွင်း ဆန်ဈေးသည် ပို့ကုန်ဆန် ဈေးနှုန်းထက် ဆန်အမျိုးအစားအပေါ် မုတည်ပြီး ၁.၀၉ မှ ၅.၇၅% အထိ ပိုမြင့်နေသည်။ ယခုနှစ် ကျန်ရှိသည့် လများအတွင်း တစ်ကမ္ဘာလုံးဝယ်လိုအား မြင့်မားနေနိုင်ဖွယ်ရှိကြောင်း၊ အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တရုတ်တို့ အဝယ်များမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရေကြီးမှုနှင့် မုန်တိုင်းများကြောင့် တရုတ်နိုင်ငံတွင် စပါးစိုက်ပျိုးရာ ဒေသအများအပြားမှာ စပါးခင်းများ ပျက်စီးခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အရန်ဆန် ဖြည့်တင်းရန် ဆန်တန်ချိန် ၁ သန်းကို ဝယ်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆ ဒသမ ၆ သန်း တင်ပို့ခဲ့သည်။ ယခုနှစ်တွင် ဆန်တန်ချိန် ၇.၈ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ ဆန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၄.၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ ယခုနှစ်သည် တင်ပို့သည့် ပမာဏနှင့် ဝင်ငွေ န‌ှစ်မျိုးစလုံး စံချိန်သစ် တင်မည့်နှစ် ဖြစ်သည်။ 

Source vnexpress 

Source: https://www.foodindustrydirectory.com.mm

Category: International News