Local News

ကြံတစ်တန် စက်ရုံအရောက် ငွေကျပ် ၁၅၀၀၀၀ ထိ စံချိန်တင်စျေးထပ်မံတိုးမြှင့်ပေးလာ

Last Updated:

ရွှေမန်း

ကြံတစ်တန် စက်ရုံအရောက် ငွေကျပ် ၁၅၀၀၀၀ ထိ စံချိန်တင်စျေးဖြင့်  ရွှေညောင် မြဘုရင်သကြားစက်က ထပ်မံတိုးမြှင့်ပေးလာ​ကြောင်းသိရသည်။ မြန်မာနိုင်ငံ၊ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းက ပြည်တွင်း သကြားစက်များမှ ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀ မှ ၁၃၀၀၀၀ ကြား အခြေခံဈေးထားပြီး တောင်သူများ ထံမှ ဝယ်ယူရန်  ညှိနှိုင်းတောင်း ဆိုမှုကြောင့် ကြံတစ်တန် ငွေ ကျပ် ၁၃၀၀၀၀ ထိ ထပ်မံတိုးမြှင့် ဝယ်ယူမည်ဖြစ်သည်။

ကြံရာသီနီးလာတာကြောင့် သကြားစက်ရုံများက နယ်မြေအလိုက် ကြံတစ်တန်ဈေးတိုး မြှင့်ပေးဝယ်လာရာ ၂၀၂၃ - ၂၀၂၄ရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက် ငွေကျပ် ၁၃၀၀၀၀ အထိ တတိယအကြိမ် ထပ်မံတိုးမြှင့် ဝယ်ယူလာခြင်းဖြစ်သည်။ ၂၀၂၃-၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် စက်တင်ဘာလအတွင်းက ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀၊ အောက်တိုဘာလ တွင် ၁၂၀၀၀၀၊ နိုဝင်ဘာလ ဆန်းပိုင်းတွင် ၁၃၀၀၀၀ ထိ တိုးမြှင့်ဝယ်ယူမည်ဖြစ်ပြီး ရွှေညောင် မြဘုရင် သကြားစက်က   ကြံတစ်တန် ငွေကျပ် ၁၅၀၀၀၀ ထိ စံချိန်တင် အမြင့်ဆုံးဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်က ကြေငြာချက် ထုတ်ပြန်ထားသည်။

လက်ရှိ ပြည်တွင်းသကြားဈေးမှာ နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၆၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိနေပြီး  ပြည်တွင်းသကြားဈေးမှာ အနည်းငယ်ကျဆင်းသည်။ ကြံစိုက်တောင်သူများအနေဖြင့် သွင်းအားစုလုပ်သားစရိတ် စက်သုံးဆီဈေး၊ မြေဩဇာဈေးများ မြင့်တက်နေတာကြောင့် စိုက်ပျိုးစရိတ်မြင့်မားလာတာကြောင့်  ကြံတစ်တန်ဈေး ငွေကျပ် ၁၅၀၀၀၀ မှာ သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ကြောင်း ကြံတောင်သူ  ဦးချိုတူးက ပြောသည်။

"လုပ်သားစရိတ်စက်သုံးဆီ ဈေးတွေ၊ မြေဆီဈေးတွေ တစ် နှစ်ထက်တစ်နှစ် ဈေးမြင့်လာတာလို့ စိုက်ပျိုးစရိတ်လည်း မြင့်တက်လာပါတယ်။ ကြံတစ်တန် ဈေးက ငွေကျပ် ၁၅၀၀၀၀  ဆိုတာ လက်ရှိသကြားပေါက် ဈေးဖြင့်တွက်ချက်လျှင် သင့်တင့် မျှတသည့် ဈေးဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

Source: magwaymedia.com

Category: Local News