International News

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခရစ်တိုငွေကြေး (Crypto) “$Trump” တန်ဖိုး မြင့်တက်ခဲ့

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခရစ်တိုငွေကြေး ($Trump) ကို ၁၇-၁-၂၀၂၅ ရက်နေ့မှစ၍ ရောင်းချရန် ကြေညာခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေကြေး ပိုမို အရေးပါလာ သဖြင့်  စီးပွားရေးပညာရှင်များနှင့် ခရစ်တိုငွေကြေးရင်းနှီးမြှုပ်နှံသူများက Memecoins အဖြစ် လူသိများသော ဒစ်ဂျစ်တယ်ငွေကြေးသည် ခရစ်တိုငွေကြေး ရောင်းဝယ်မှုသမိုင်းတွင်  အထင်ကရမှတ်တိုင်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ဘဏ္ဍာရေးစနစ်အပေါ် အန္တရာယ်ရှိဖြစ်စေနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့ကြသည်။ Duke University မှ လက်ထောက်ကတိကနှင့်  အမေရိကန်ဗဟိုဘဏ် စီးပွားရေးပညာရှင်ဟောင်း Mr. Lee Reiners က ခရစ်တိုငွေကြေးတစ်ခုသည် ၎င်း၏အမှန်တန်ဖိုးထက် ဈေးအလွန်မြင့်တက်ခြင်း (Crypto bubble burst) ဖြစ်ပေါ်ပါက ယင်းငွေကြေးကို ဝယ်ယူထားခြင်းမပြုသော်လည်း အခြားပြည်သူများအပေါ် ထိခိုက်မှုဖြစ်ပေါ်နိုင်ကြောင်း  ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏သား  အဲရစ်ထရမ့်က ယင်းငွေကြေးကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ငွေကြေးတိုကင်များသည် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီတစ်ရက်အလို ၁၉-၁-၂၀၂၅ ရက်တွင် စုစုပေါင်း  Trading Value အမေရိကန်ဒေါ်လာ (၁၃) ဘီလီယံသို့ ရောက်ရှိခဲ့ရာ (၂) ရက်အတွင်း အမေရိကန်ဒေါ်လာ (၂၉) ဘီလီယံတန်ဖိုးအထိ ရောင်းဝယ်မှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။ ယင်းငွေကြေး တိုကင် သန်း (၂၀၀) ပမာဏ သည် တိုကင်တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၆၄) ဖြင့် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။ ၁၉-၁-၂၀၂၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ငွေကြေးသည် ကမ္ဘာ့ခရစ်တို ငွေကြေးဈေးကွက်၌ တန်ဖိုးအရှိဆုံးအဆင့် (၁၉) သို့ ရောက်ရှိခဲ့ပါသည်။  သမ္မတဒေါ်နယ်ထရမ့်၏ လက်အောက်ခံ အဖွဲ့အစည်းများက ခရစ်တိုငွေကြေး သန်း (၈၀၀) ကို ထိန်းချုပ်ထားသည်ဟု ယူဆလျက်ရှိကြရာ ယင်းငွေကြေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၅၁) ဘီလီယံရှိသဖြင့် ဒေါ်နယ်ထရမ့်၏ လက်ရှိပိုင်ဆိုင်မှုများကို ထည့်တွက်ပါက သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ အနက် တစ်ဦး ဖြစ်လာနိုင်ပါသည်။ ယင်းငွေကြေးစတင်ရောင်းဝယ်ခြင်းမပြုမီ သမ္မတဒေါ်နယ်ထရမ့်၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံရှိပြီး ဝင်ငွေအများစုမှာ ထရမ့်မီဒီယာနှင့် နည်းပညာလုပ်ငန်းများမှ ရရှိခြင်းဖြစ်ပါသည်။ သမ္မတဒေါ်နယ်ထရမ့်၏ မိသားစုဝင်များက ၁၉-၁-၂၀၂၅ ရက် ညနေပိုင်းတွင် သမ္မတကတော် မယ်လနီးယားထရမ့် (Melania Trump)၏ Memecoins အဖြစ် $Melania ခရစ်တိုငွေကြေးကိုပါ ထုတ်ပြန်ခဲ့သည်။  

သမ္မတဒေါ်နယ်ထရမ့်၏ Memecoins ထုတ်ပြန်ခြင်းသည် ခရစ်တိုငွေကြေးလောကတွင် မမျှော်လင့်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ငွေကြေးစတင်မိတ်ပြီး မိနစ်ပိုင်းတွင် ခရစ်တိုရောင်းဝယ်သူတစ်ဦးသည် ၎င်း၏လက်ဝယ်၌ အမေရိကန်ဒေါ်လာ (၁) သန်းခန့် စုဆောင်းထားခဲ့သကဲ့သို့ ငွေကြေး၏ ဈေးနှုန်းသည်လည်း အချိန်တိုအတွင်း မြင့်တက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ခရစ်တိုငွေကြေးရောင်းဝယ်မှု အကြီးဆုံး Platform တစ်ခုဖြစ်သည့် Coinbase ၏ ဒါရိုက်တာ Mr. Conor Grogan က ဒေါ်နယ်ထရမ့်၏ $Trump ငွေကြေးရောင်းချသည့်အဖွဲ့အနေဖြင့် ထုတ်ပြန်ပြီး နောက်တစ်ရက်အတွင်းမှာပင် အရန်တိုကင်တန်ဖိုးပမာဏများမပါဝင်ဘဲ အမေရိကန်ဒေါ်လာ (၅၈) သန်းအထိ ရရှိပြီးဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏မိသားစုဝင်များသည် $Trump Memecoins စတင်မိတ်ဆက်ခြင်း မပြုမီကပင် ခရစ်တိုငွေကြေးဈေးကွက်၌ ရင်းနှီးမြှုပ်နှံခဲ့ကြရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဒေါ်နယ်ထရမ့်နှင့် ၎င်း၏သားများသည် World Liberty Financial ခရစ်တိုငွေကြေးစီးပွားရေးလုပ်ငန်း စတင်ရန် ကူညီပံ့ပိုးခဲ့ပြီး ယင်းလုပ်ငန်းသည် ဒစ်ဂျစ်တယ်ငွေကြေး WLFI နှင့် ချိတ်ဆက်ထားပါသည်။ ထရမ့် မိသားစုသည် ယင်းလုပ်ငန်းကို တိုက်ရိုက်ပိုင်ဆိုင်ခြင်းမရှိသော်လည်း ယင်းလုပ်ငန်းကို အများသိရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

$Trump Memecoins  ထုတ်ပြန်ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြသော်လည်း သမ္မတဒေါ်နယ်ထရမ့်၏ မိသားစုများအနေဖြင့် ယင်းငွေကြေးကို နှေးကွေးသွားအောင် လုပ်ဆောင်မည့် လက္ခဏာမရှိကြောင်းတွေ့ရပြီး ဒေါ်နယ်ထရမ့်ကလည်း ခရစ်တိုငွေကြေးအသစ်တစ်ရပ် ပေါ်ပေါက်လာခြင်းအပေါ် အောင်ပွဲခံသည့်အနေဖြင့် ထုတ်ပြန်ကြေညာလျက်ရှိသည်။ Memecoins ဝယ်ယူသူများသည် ယင်းကိုအသစ်အဆန်းတစ်ခုအဖြစ် ဝယ်ယူကြခြင်းဖြစ်သော်လည်း ယင်းသို့ဝယ်ယူခြင်းသည့် အန္တရာယ်ရှိရာ ယခုဝယ်ယူခြင်းသည် ခရစ်တိုငွေကြေးကို အလေးထား၍ ဝယ်ယူခြင်းထက် ဒေါ်နယ်ထရမ့်ကြောင့် ဝယ်ယူခြင်းဖြစ်သဖြင့် နယူးယောက်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှုဌာနက ရန်ပုံငွေများဆုံးရှုံးမှုနှင့် လိမ်လည်မှုအန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သတင်းရရှိသည်။

Source: စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News