ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကုန်အမျိုးမျိုးကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငါးပြေမပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ရကြောင်းသိရသည်။ “ဒေသထွက် ငါးပြေမတွေကို ပြည်တွင်း ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ဘိုကလေးမြို့နယ်ကနေ ငါးပြေမတွေ အပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်မြို့ဈေးကွက် ကိုပဲ အများဆုံး တင်ပို့ရောင်းချတာများပါတယ်။ ဘိုကလေးမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အခြားရေထွက်ကုန်တွေလဲ တင်ပို့ရောင်းချနေပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ခဲ့ရပါတယ်” ဟု ဘိုကလေး မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။ ဘိုကလေးမြို့နယ်တွင် လယ်ငါးပြေမနှင့် မွေး မြူရေးငါးပြေမနှစ်မျိုး အများဆုံးရရှိပြီး ရရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငါးပြေမ ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ အဆိုပါ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးပြေမများ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှု များပြားလာ ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ဆက်လက်ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ