Local News

မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်က ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ဝယ်ယူမှုအားကောင်းနေသဖြင့် တစ်ပတ်လျှင် ငါးရံ့ခြောက် ပိဿာချိန် ၅၀ မှ ၁၅၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ လက်ရှိအရင်နှစ်တွေကထက် ဒီနှစ် ငါးခြောက်အထွက်နှုန်းက ကောင်းနေပါတယ်။ ဒေသထွက်ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာလို့ တင်ပို့ရောင်းချနေရတာပါ။ ငါးခြောက်တွေကို ရန်ကုန်မြို့ဈေးကွက် ဝယ်လက်တွေက အထပ်ထပ်မှာယူထားတာတွေလဲ ရှိနေပါတယ်။ မအူပင်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ငါးရံ့ခြောက်တွေက အချိုခြောက်တွေပါ။ ဈေးကတော့ ငါးရံ့ခြောက်အကြီး၊ အသေးပေါ်မူတည်ပါတယ်” ဟု မအူပင်မြို့နယ်ရှိ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်က ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်များသည် အချိုခြောက်နှင့် ဆာလတ်ခြောက်ဟု နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးရံ့ခြောက်အလတ် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၀၊ ငါးရံ့ခြောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၇၉၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News