International News

ထိုင်း-ဥရောပသမဂ္ဂလွတ်လပ်စွာကုန်သွယ်ရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်

Last Updated:

ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေး တတိယအဆင့်ဆွေးနွေးမှုမှာ လတ်တလောတွင် ပြီးဆုံးသွားပြီဖြစ်ပြီး စတုတ္ထအဆင့်ဆွေးနွေးမှုကို နိုဝင်ဘာလ ၄ ရက်နေ့၌  ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdilul က ထိုင်း-ဥ‌ရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (FTA) အတွက် တတိယအဆင့်ဆွေးနွေးပွဲကို ဇွန်လ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများမှာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ၂၀၏ အစည်းအဝေးနှင့်အတူ အနာဂတ်သဘောတူညီမှုအခွင့်အလမ်းများအောက်ရှိ အရာအားလုံးကို လွှမ်းခြုံထားကြောင်းပြောကြားခဲ့ပါသည်။ အစီအစဉ်ကို အုပ်စုအားလုံးက လာမည့် လှုပ်ရှားမှုများ၊ ‌ဒေတာနှင့်အမြင်ဖလှယ်မှု၊ အရန်မူကြမ်းဆွေးနွေးခြင်းနှင့် ကြားဖြတ်ဆွေးနွေးခြင်းတို့အရ ချမှတ်ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါလှုပ်ရှားမှုအားလုံးကို စတုတ္ထအဆင့်ဆွေးနွေးပွဲတွင် အရေးပါဆုံးတိုးတက်မှုဖြစ်လာစေရန်အတွက် ပြင်ဆင်ထားကြောင်းသိရပါသည်။ ဌာနအနေဖြင့်လည်း ဆွေးနွေးညှိနှိုင်းမှုတိုးတက်စေရေးနှင့် အနာဂတ်ဆွေးနွေးမည့် အစည်းအ‌ဝေးများ၌ အကြမ်းဖျင်းဖော်ပြချက် အစီအစဉ်များအပေါ်တွင် မွမ်းမံရန်အတွက် ရှယ်ယာရှင်များကို ဖိတ်ကြားရန်စီစဉ်နေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံအစိုးရကလည်း အဖွဲ့ဝင်နိုင်ငံ ၂၇နိုင်ငံရှိပြီး ကမ္ဘာ့တတိယအကြီးမားဆုံး စီးပွားရေးအင်အားနှင့် မြင့်မားသည့်ဝယ်ယူနိုင်စွမ်းရှိသည့် ဥရောပသမဂ္ဂ‌ဈေးကွက်တွင် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးအခွင့်အလမ်းများမြင့်တက်လာစေရန်အတွက် ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ဦးစားပေးအဆင့်သတ်မှတ်ထားကြောင်းသိရပါသည်။ Ms.Chotima က အစိုးရဝယ်လိုအား၊ ယှဉ်ပြိုင်မှု၊ ထောက်ပံ့ငွေ၊ ကုန်သွယ်ရေးဖြင့်ထိန်းထားနိုင်သော တိုးတက်မှု၊ စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းတို့ပါဝင်သော ရှင်းလင်းပြတ်သားရန်လိုအပ်သည့် ညှိနှိုင်းရခက်သည့် ဆွေးနွေးရမည့်အကြောင်းအရာများရှိသေးကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ခုနှစ်တွင် ဥရောပသမဂ္ဂသည် အာဆီယံ၊ တရုတ်၊ အမေရိကန်နှင့် ဂျပန်ပြီးနောက် ငါးခုမြောက်အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်‌ဒေါ်လာ ၄၁.၆ဘီလီယံရှိခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံမှ ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၈ဘီလီယံရှိပြီး ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၉.၈ဘီလီယံရှိကြောင်းသိရပါသည်။ အစားအစာ၊ ပြုပြင်ထားသောစားသောက်ကုန်များ၊ ကားများနှင့်ကားအစိတ်အပိုင်းများ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ရော်ဘာလက်အိတ်များ၊ မျက်မှန်များ၊ ကျောက်မျက်ရတနာများနှင့် လက်ဝတ်ရတနာများပါဝင်သော ထိုင်းထုတ်ကုန်များမှာ ထိုင်း-ဥ‌ရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်မှတစ်ဆင့် အကျိုးကျေးဇူးရရှိရန် မျှော်လင့်လျက်ရှိနေကြောင်းသိရပါသည်။

 Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News