Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၉၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ဇူလိုင်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၉၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ငါးခြောက်စုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းထံမှ သိရသည်။ ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လက တစ်ရက်လျှင် ငါးခြောက်အစုံပိဿာချိန် ၆၃၀၀၀ ထိသာ ရောင်းချခဲ့ရပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးခြောက်အစုံပိဿာချိန် ၉၇၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဇွန်လထက် ငါးခြောက်အစုံ ပိဿာချိန် ၃၄၀၀၀ ထိ ပိုမိုရောင်းချခဲ့ရကြောင်း သိရသည်။

      “ပြီးခဲ့တဲ့ တစ်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၉၇၀၀၀ ထိရောက်အားရှိခဲ့တယ်။ ငါးခြောက်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ အရင်ထက် ပိဿာချိန် ၃၄၀၀၀ ထိ ရောင်းအားတက်ခဲ့တယ်။ ရန်ကုန်ဈေးကွက်က အရင်ထက်ပိုအဝယ်လိုက်လာလို့ အရောင်းသွက်ခဲ့တာပါ။ ဒေသကထွက်တဲ့ ငါးခြောက်အစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာပါ။ ရောင်းအားတက်နေပေမဲ့ ငါးတွေရဲ့ဈေးနှုန်းကပုံမှန်ပါပဲ” ဟု ဖျာပုံမြို့နယ် ငါးခြောက်စုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဝင်းက ပြောပြသည်။

     ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်အမျိုးအစားမှာ ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောက်ရိုးခြောက်၊ ငါးတန်ခွန် ခြောက်၊ အာပဲ့ခြောက်တို့ဖြစ်ပြီး အဆိုပါတင်ပို့ရောင်းချနေသည့် ငါးခြောက်ဈေးနှုန်းသည် ဇူလိုင်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၃ )ရက်နေ့အထိ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၊ ငါးကွမ်းရှပ်(ငါးညို) တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀၀၊ ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၃၅၀၀၊ ငါးလိပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၀၅၀၀၊ ငါးတန်ခွန် ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News