Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှ ရန်ကုန်မြို့သို့ ဇူလိုင်လအတွင်းက ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၂၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူမြို့မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၂၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့မှ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်နိုင်နိုင်မော်က ပြောပြ၍ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက်စပါးများကို ဝယ်ယူကြိတ်ခွဲပြီး ဆန်အဖြစ်ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မအူပင်မြို့မှ ရန်ကုန်မြို့သို့ ဇွန်လက ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၁၄၅၀၀၀ သာတင်ပို့ရောင်းချ နိုင်ခဲ့ပြီး ဇူလိုင်လ ၁ မှ ဇူလိုင်လ ၃၁ ရက်ထိ ဆန် ၂၄ ပြည်ဝင်အိတ်ရေ ၂၅၀၀၀၀ ထိ တင်ပို့ ရောင်းချခဲ့ရကြောင်း သိရသည်။

    “ရန်ကုန်ဆန်ဈေးကွက်ကို ပြီးခဲ့တဲ့လက ဆန်တွေတော်တော်လေးတင်ပို့ခဲ့ရတယ်။ ပြည်တွင်းဆန်အဝယ်လိုက်နေလို့ ရန်ကုန်ဆန်ဈေးကွက်ကောင်းပြီး အဝယ်များတာဖြစ်ပါတယ်။ အခုဒေသထွက် စပါးအဟောင်းတွေကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချ နေပါတယ်။ ရန်ကုန်ကို တင်ပို့ရောင်းချနေတဲ့ ဆန်အမျိုးအစားတွေက‌တော့ အစုံဖြစ်ပါတယ်” ဟု ဒေါ်နိုင်နိုင်မော်က ပြောပြသည်။ မအူပင်မြို့မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေသည့် ဆန်အမျိုးအစားများတွင် ပေါ်ဆန်းမွှေး၊ ဖျာပုံပေါ်ဆန်၊ မနောသုခ၊ ထိုင်းဘေးကျား၊ ရက် ၉၀၊ သီးထပ်ရင်၊ နှံကား၊ ရွှေသွယ်ရင်၊ ဧရာမင်း၊ ဆင်းသုခ စသည့်ဆန်အမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချနေရကြောင်း သိရသည်။

      အဆိုပါ ဆန်အမျိုးအစားများမှာ ဇူလိုင်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၃)ရက်နေ့အထိ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် ၉၇၀၀၀၊ ထိုင်းဘေးကျားတစ်အိတ်လျှင် ငွေကျပ် ၆၇၅၀၀၊ မနောသုခ တစ်အိတ်လျှင် ငွေကျပ် ၆၃၀၀၀၊ သီးထပ်ရင်တစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀၊ ရက် ၉၀ တစ်အိတ်လျှင် ငွေကျပ် ၇၅၀၀၀၊ နှံကားတစ်အိတ်လျှင် ငွေကျပ် ၆၆၀၀၀၊ ရွှေသွယ်ရင် တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၊ ဧရာမင်းတစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀၊ ဆင်းသုခတစ်အိတ် လျှင် ငွေကျပ် ၆၅၅၀၀ ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News