Local News

ပြည်တွင်း နှမ်းနက်(စမုံ)လက်ကျန်နည်းနေကာ စျေးငြိမ်နေ

Last Updated:

      ပြည်တွင်း၌ နှမ်းနက်(စမုံ)လက်ကျန်နည်းလာကာ စျေးငြိမ်နေကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။ ယင်းအပြင် ယခင်ကမြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး နှမ်းလက်ကျန်နည်းနေပြီး တချို့နိုင်ငံများမှာ တင်ပို့ရန်ခက်ခဲများရှိသောကြောင့် တရုတ်နိုင်ငံ တခုတည်းက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ထို့ ကြောင့်ပြည်တွင် နှမ်းစျေးကွက်မှာ အဝယ်သိပ်မရှိကြောင်းလည်း နှမ်းကုန်သည်တချို့ကပြောသည်။ 

     “နှမ်းကစျေးငြိမ်နေတယ်။ နှမ်းအသစ်ပေါ်မှ ပဲပြန်စတော့မယ်။ အခုကတရုတ်ဝယ်လက် တခုပဲရှိတယ်။ ဒီစျေးမှာ ပဲတန်းနေတာကြာပြီ။ တက်လ မတက်ဘူး ကျလဲမကျဘူး ဖြစ်နေတယ်။ ပစ္စည်းကလဲ သိပ်မရှိဘူးလိုတဲ့အခါဝယ်ကြ မလိုတဲ့အခါ မဝယ်လိုက်ပေါ့ ” ဟု အောင်လံမြို့မှ နှမ်းကုန်သည် ဦးအောင်မိုးကပြောသည်။ လက်ရှိ နှမ်းနက်(စမုံ) ၄၅ ပိသာ၀င် တစ်အိတ်ကို သုံးသိန်းကျော်ဖြင့် စျေးငြိမ်နေသည့်မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ကြောင်းသိရသည်။

      လက်ရှိကာလတွင် တရုတ်ဘက်မှ လိုမှသာဝယ်ယူမှုရှိ၍ ပြည်တွင်း၌ အရောင်းဝယ် သိပ်မရှိကြောင် နှမ်းexporterတစ်ဦး ကပြောသည်။ “ပစ္စည်းက မရှိလိုသာ ရှိရင်လဲ စျေးကွက်အေးသွားနိုင်တာပေါ့။ အခုပစ္စည်းက မရှိတော့ မသွက်ဘူး။ မသွက်ဘူးဆိုပေမဲ့ လိုအပ်တဲ့အခါ ထထဝယ်တယ်။ တရုတ်နိုင်ငံတခုတယ်ပဲ နှမ်းနက်(စမုံ)ကို တင်ပို့နေတယ်။ တရုတ်နိုင်ငံဘက်ကို နယ်စပ်ကနေတဆင့် ပဲသွားနေတယ်။ ဒါပေမဲ့ demand သိပ်မကောင်းဘူး” ဟု မန္တလေးမြို့မှ နှမ်းကုန်သည်တစ်ဦးကပြောသည်။

      ပြည်တွင်းနှမ်းများကို တစ်နှစ်လျှင် တရုတ်နိုင်ငံဘက်သို့ တန်ချိန် ၃ သိန်းခန့် တင်ပို့လျက်ရှိကြောင်းသိရသည်။ နှမ်းစျေးကွက်မှာ အက်စစ်အောင်သည့် နှမ်းများသာ အဓိကထား အရောင်းအဝယ်လုပ်ကြပြီး လက်ရှိ အက်စစ်အောင်သည့် နှမ်းမှာလည်း စျေးကွက်တွင် မရှိတော့ကြောင်း သိရသည်။ နှမ်းအသစ်များမှာ စက်တင်ဘာလ လယ်ခန့်မှသာ ပြန်လည်ပေါ်မည်ဖြစ်ပြီး နှမ်းစိုက်ချိန်က မိုးခေါင်းခဲ့သည့် အတွက်အထွက်နှုန်း ကျဆင်းနိုင်ကြောင်းသိရသည်။ သို့သော် နောက်ပိုင်းမိုးပြန်လည်ဆက်တိုက်ရွာသွန်းလာပါက အထွက်နိုင်ကျဆင်းနိုင်မည် မဟုတ်ကြောင်း သုံးသပ်ကြသည်။

Source: https://t.me/htwettoe

Category: Local News