Local News

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ် စတင်ကျင့်သုံးမည်

Last Updated:

ရွှေမန်း

     နယ်စပ်ကုန်သွယ်မှု၌ ၂၀၂၂ ခုနစ်၊ နိုဝင်ဘာ ၁ ရက်နေ့ကစတင်၍ ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရးတွင် ဘဏ်စနစ်ဖြင့် ကနဦးအဆင့် ကျင့်သုံးခဲ့ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်လည်း၂၀၂၃ ခုနှစ်၊သြဂုတ် ၁ ရက်နေ့မှ စတင်ကာဘဏ်စနစ်ဖြင့် ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်နင့် သက်ဆိုင်သည့် သတင်းလွှာ (၁၀/၂၀၂၃)ဖြင့် ထုတ်ပြန်အသိပေးထားသည်ဟုဆိုသည်။

  “တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်နစ်ကျင့်သုံးမှာဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံက သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ပို့ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေ၊ အခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှဖြစ်စေ၊ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြုတင်သွင်းခွင့်ပြုမှာဖြစ်လို့ သက်ဆိုင်ရာဘဏ်များကတဆင့် သွင်းကုန်အတွက် ငွေပေးချေရမှာပါ” ဟု ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။ 

 မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရာ၌ ကုမ္ပဏီများအနေဖြင့် မိမိဘဏ်စာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှရရှိသော ဝင်ငွေ(သို့မဟုတ်)အခြားဝင်ငွေဝင်ရောက်ကြောင်း(သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်း သက်ဆိုင်ရာဘဏ်မှထုတ်ပေးသည် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ကုန်သွယ်ရေးဦးစိးဌာနသို့ တင်ပြလျှောက်ထားရန်နှင့် ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ  သွင်းကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်သည်။

  “တင်သွင်းခွင့်ပြုရာမှာ ပို့ကုန်ကနေ ရရှိတဲ့ဝင်ငွေနဲ့ အခြားဝင်ငွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ဝင်ရောက်တဲ့ငွေကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကနေ အခြားတစ်ခုကို လွှဲပြောင်းဆောင်ရွက်နိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇူလိုင်၂၁ ရက်ထိ ကုန်သွယ်မှု ပမာဏ(ယာယီ)စာရင်းများအရ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၆၈၃ ဒသမ၁၀၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၅၉၉ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၂၈ ဒသမ၇၀၃ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  သိရသည်။

Source: မကွေးဂျာနယ်

Category: Local News