International News

ပြည်တွင်း ဆန်ဈေး ထိန်းရန် အင်ဒိုနီးရှား ကြိုးပမ်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် မိုးနည်းသဖြင့် စပါးမအောင်။ စပါးနှံတို့တွင် အခွံသာရှိသည်။ ဧပြီလကတည်းက မိုးဟုတ်တိပတ်တိမရွာ။ အားကိုးစရာ ဆည်ရေကလည်း ခန်းခြောက်လုနီးပါး ဖြစ်နေသည်။ အင်ဒိုနီးရှားလယ်သမား အသက် ၅၀ နှစ် အရွယ် Akma Rangga က "နောက် တစ်လ နှစ်လမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ငါတို့မသိဘူး" ဟု ပြောသည်။ အောက်တိုဘာလအထိ မိုးမရလျှင် နောက်တသီး ထပ်စိုက်ဖို့ အချိန်ရွှေ့ရလိမ့်မည်။ ၄ နှစ်တာအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ အခြောက်သွေ့ဆုံးရာသီဥတုကို ကြုံနေရသည်။

အာရှတစ်လွှားရှိ အဓိကစိုက်ပျိုးသော ဒေသများတွင် ပူပြင်းသော ရာသီဥတုသည် စပါးအထွက်နှုန်းကို ထိခိုက်စေပါသည်။ ဆန် ပြည်ပတင်ပို့သည့် ထိပ်တန်းနိုင်ငံ အိန္ဒိယနိုင်ငံသည် ပြည်တွင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ ပြည်သူများအတွက် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန် ဆန်တင်ပို့မှုအား  ကန့်သတ်ပိတ်ပင်ထားသည်။ အင်ဒိုနီးရှားတွင် ဆန်တင်သွင်းမှု နှေးနေသဖြင့် ဆန်လက်ကျန် ယမန်နှစ်ကထက် သုံးပုံတပုံခန့် လျော့နည်းနေသည်။

အယ်နီညိုရာသီဥတုပုံစံကြောင့် ဖြစ်ပေါ်သည့် အပူဒဏ်သည် အောက်တိုဘာလလောက်မှာ အထွတ်အထိပ်ရောက်မည်ဟု ခန့်မှန်းထားသည်။ စပါးအထွက်နည်းသဖြင့် ဆန်ဈေးအမြင့်ဆုံး မြင့်တက်မည်ကို စိုးရိမ်မကင်း ဖြစ်ကြသည်။ ဆန်သည် အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေ သန်း ၂၇၀ အများစုအတွက် အဓိက စားနပ်ရိက္ခာဖြစ်သည်။ ဆန်ဈေးတက်ခြင်းသည် နိုင်ငံရေးအရ အထိမခံသည့် ကိစ္စလည်းဖြစ်သည်။  အထူးသဖြင့်လာမည့် ဖေဖော်ဝါရီလတွင် အထွေထွေ ရွေးကောက်ပွဲ ရှိနေသည်။ ဆန်စျေးနှုန်းများ တက်လာခြင်းသည် ကုန်ဈေးနှုန်းကို ထိန်းချုပ်ရာ၌ လတ်တလောတွင် အစိုးရ ရရှိထားသည့် အောင်မြင်မှုကို ထိခိုက်နိုင်သည်။ 

အခြေအနေ မတိုးတက်ပါက ဆန်ဈေးသည် တစ်ကီလိုလျှင် ရူပီယာ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၉၈ ဆင့်) အထိ ရောက်ရှိနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ဆန်လက်ကားရောင်းချသူများ၏ ဈေးဖြစ်သော Cipinang ၏ သမဝါယမဥက္ကဋ္ဌ Zulkifly Rasyid က ပြောကြားပါသည်။ အယ်နီညို၏သက်ရောက်မှုကြောင့် ပြည်တွင်း စပါးအထွက်နည်းမည်ကို တုံ့ပြန်ရန်အတွက် ယခုနှစ်တွင် အင်ဒိုနီးရှားအစိုးရမှ ခွင့်ပြုထားသည့် စုစုပေါင်းဆန် မက်ထရစ်တန်ချိန် ၁.၅ သန်းမှ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းသာ ရောက်ရှိသေးကြောင်း နိုင်ငံပိုင်ဝယ်လက်ကုမ္ပဏီ Bulog မှ ပြောကြားသည်။

ဆန်တန်ချိန် ၄ သိန်း သည် လာနေဆဲ လမ်းခုလတ်မှာ ရှိနေသည်။ ဆန်တန်ချိန် ၄ သိန်းသည် ဝယ်ယူရန် စာချုပ် မချုပ်ရသေးချေ။ Bulog သည် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ထံမှ ဝယ်ယူနေကျဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ထံမှလည်း ဝယ်ယူမည်ဖြစ်သည်။ အမှုဆောင်အရာရှိချုပ် Budi Waseso က ကမ္ဘောဒီးယားနိုင်ငံ၏ တောင်းဆိုသည့် ဆန်ဈေးနှုန်းမှာ မြင့်မားလွန်းသည်ဟု ဆိုသည်။ သို့ဖြစ်ရာ အခြားနိုင်ငံမှ ဝယ်ယူလိုသည်။

အမျိုးသားစားနပ်ရိက္ခာအေဂျင်စီက အယ်နီညိုကြောင့် ယမန်နှစ်က ဆန်တန်ချိန် ၃၁ ဒသမ ၅၄ သန်းမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြား ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် လိုအပ်ချက်ကို လက်ရှိသွင်းကုန်ခွဲတမ်းဖြင့် ကာမိသည်။ အင်ဒိုနီးရှားနိုင်ငံ နောက်ဆုံးကြုံခဲ့ရသည့် အယ်နီညိုကြောင့် ၂၀၁၉ ခုနှစ်တွင် ဆန်ထွက်ရှိမှု ၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ သို့သော် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဆန်အများအပြား တင်သွင်းခဲ့သဖြင့် ၂၀၁၉ ခုနှစ် ဆန်ပြတ်လပ်သည့်အခါ ဈေးကွက်ထဲသို့ ဆန်များ ပေးပို့နိုင်ခဲ့ပြီး ဆန်ဈေးကို ထိန်းနိုင်ခဲ့သည်။ 

ယခုနှစ်တွင် နှစ်စလက်ကျန် လျော့နည်းနေခဲ့သည်။ ဆန်တင်သွင်းရန် ဆုံးဖြတ်ချက်ချသည့်အချိန်လည်း နောက်ကျခဲ့သည်။ ဆန်ဈေးက ၁၅% မြင့်တက်သည်။ တကီလို ၁၃,၈၀၀ ရူပီယာသို့ ရောက်ရှိလာသည်။ “ဆန်ဝယ်သူတွေက ညည်းကြတယ်” ဟု ဂျကာတာတောင်ပိုင်းရှိ ကုန်စုံဆိုင်တစ်ခုမှ အသက် ၄၅ နှစ်ရှိ Aam က ပြောသည်။ သူ့ဆိုင်မှာ ဆန်ရောင်းအား ထက်ဝက်လျော့ကျသည်။ "နေ့တိုင်းနီးပါး ဈေးတက်ရတယ်။ အဲဒီတော့ ရောင်းအားက ကျဆင်းးတော့တာပေါ့"ဟု သူက ပြောသည်။

ဆန်ကုန်ဈေးနှုန်းကြီးမြင့်မှုသည် ဩဂုတ်လတွင် ၁၃.၇၆% သို့ ရောက်ရှိသည်။ ၂၀၁၂ ဇွန်လ နောက်ပိုင်း အမြင့်ဆုံး ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် လူမှုအကူအညီ အစီအစဉ်ကို စက်တင်ဘာလတွင် ရူပီယာ ၈ ထရီလီယံ (ကန်ဒေါ်လာ ၅၂၅ သန်း) သုံးစွဲပြီး လုပ်ဆောင်မည်။ ဝင်ငွေနည်းသည့် အိမ်ထောင်စုများကို ဆန်ဝေမည်ဟု သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားသည်။Bulog သည် ၃ လတာအတွင်း ဆန် ၆၃၀,၀၀၀ တန်ကို ဖြန့်ဖြူးမည်။ ဩဂုတ်လကုန် ဆန်လက်ကျန်မှာ တန် ၁.၅သန်းခန့် ဖြစ်သည်။

Source: https://www.foodindustrydirectory.com.mm

Category: International News