Local News

အသစ်ဝင်မြေပဲဆန်များကြောင့် ဈေးကွက်အနည်းငယ်ကျဆင်းလာပြီး တရုတ်လိုင်း အဝယ်နည်းနေသောကြောင့် နှမ်းမျိုးစုံဈေးကွက် ကျဆင်းနေ

Last Updated:

ရွှေမန်း

အသစ်ဝင်မြေပဲဆန်များကြောင့် ဈေးအနည်းငယ်ကျဆင်းလာပြီး တရုတ်လိုင်းအဝယ်နည်းနေတာကြောင့်လည်း နှမ်းမျိုးစုံဈေးကွက် လိုက်ပါကျဆင်းနေကြောင်း ကုန်သည်များထံက သိရသည်။ နိုင်ငံငွေဈေးမြင့်တက်လာမှုနှင့် ပို့ကုန်သမားများ အဝယ်အေးနေတာကြောင့် ပဲ၊ နှမ်းဈေးခပ်အေးအေးသာရှိနေကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ ပဲ၊ နှမ်း တင်ပို့ရပ်နားထားသည်။

ဈေးကွက်အတွင်း မြေပဲဆန်အသစ်များ ဝင်ရောက်လာမှုနှင့်အတူ ဈေးကျဆင်းသွားသလို နှမ်းမျိုးစုံ ဈေးကွက်မှာလည်း တရုတ်လိုင်းတင်ပို့မှု နည်းနေတာကြောင့် လက်ရှိမှာ အမြင့်ဈေးမှ အနည်းငယ် ဈေးကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲဈေးကွက်မှာလည်း  ဖြည်းဖြည်း သာ ဈေးမြင့်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အဝယ်ခပ်သွက်သွက်ရှိနေကြောင်း တက်နေလင်းပွဲရုံမှ ကိုဇင်မင်းဦး က ပြောသည်။

"မြေပဲဆန်ဈေးကွက်ကတော့ အသစ်ဝင်ရောက်မှုတွေ ရှိလာပေမယ့် တရုတ်လိုင်း အဝယ်နည်းနေလို့ ဈေးကျဆင်းနေပါတယ်။ နှမ်းလိုင်းမှာလည်း တရားဝင်တင်ပို့မှု မရှိသေးလို့ အဝယ်အေးနေတာပါ။ မတ်ပဲကတော့ အဝယ်ပြန်ကောင်းနေပါတယ်။ ပဲစင်းငုံနီကတော့ အရောင်းဈေးကွက် နည်းပါတယ်။ ကုလားပဲ အုပ်စုကလည်း တဖြည်းဖြည်း ဈေးတက်နေတာမျိုးပါ။ ပြည်တွင်းသုံး ပဲမာလိုင်းမှာတော့ ပဲကြီး၊ ပဲထောပတ်၊ စွန်တာနီ၊ ပဲဇီးကွက်တို့ အဝယ်သွက်နေပါ တယ်" ဟု ၎င်းက ပြောသည်။

ဩဂုတ်လ ၃၀ ရက်တွင် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၅၀၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၆၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ  ဩဂုတ်လ ၃၀ ရက်တွင် ကုလားပဲ  V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၂၇၆၅၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေ ကျပ် ၂၃၀၀၀၀၊ မြေပဲအနီလုံး  ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ်  ၁၀၄၀၀ ပေါက်ဈေးရှိသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် အနည်းငယ်ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၄၂၀၀၀၀၊နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၈၀၀၀၊  နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News