Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း ကွမ်းရွက် ပိဿချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကွမ်းရွက်ပိဿချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်က ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းက ကွမ်းရွက်ပိဿချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ကွမ်းရွက်ပိဿချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ကွမ်းရွက်များသည် အရည်အသွေးကောင်းမွန်ပြီး လူကြိုက်များကြောင်း သိရသည်။ “ကျိုက်လတ်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို လယ်ယာထွက်ကုန်တွေ၊ ခြံထွက်ကုန်တွေ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာတော့ ရန်ကုန်ဈေးကွက်ဘက်ကို ဒေသထွက် ကွမ်းရွက်ပိဿချိန် ၈၀၀၀၀ ထိကို တင်ပို့ရောင်းချခဲ့ရတယ်။ ဒေသထွက်ကွမ်းရွက်တွေ ဝယ်ယူမှု အားကောင်းလာတဲ့အတွက် ကွမ်းစိုက်တဲ့လုပ်ငန်းရှင်တွေ အဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့် ဒေသထွက်ကွမ်းရွက်များကို စနစ်တကျရွေးထုတ်သန့်စင်ပြီး ခြင်းများဖြင့် ထည့်ပြီး ရန်ကုန်ဈေးကွက်အပြင် မအူပင်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း။ အဆိုပါဒေသထွက်ကွမ်းရွက် ၁၀ ပိဿလျှင် ငွေကျပ် ၁၉၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းရွက်နှင့် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သက်သက်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News