Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်လာလအတွင်း စပါးအကြမ်းရေ ၉၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း စပါးအကြမ်းတင်းရေ ၉၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက စပါးအကြမ်းတင်းရေ ၇၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ စပါးအကြမ်းတင်းရေ ၉၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ စပါးအကြမ်းများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုအားကောင်းလျက်ရှိကြောင်း သိရသည်။

“နိုဝင်ဘာလအတွင်း စပါးအကြမ်းတင်းရေ ၉၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်မြို့ကို လယ်ယာထွက်ကုန်တွေအများဆုံး တင်ပို့ရောင်းချနေပါတယ်။ စပါးအကြမ်းတွေကို ရန်ကုန်ဘက်က ဝယ်ယူအားများနေလို့ တင်ပို့အားတက်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်လအတွင်း တင်ပို့ရောင်းချနေရတဲ့ စပါးတွေက စပါးအကြမ်းအမျိုးအစားတွေ များပါတယ်။ လက်ရှိ စပါးဈေးကလဲ နည်းနည်းမြောက်လာပါတယ်။ ရန်ကုန်ဘက်က စပါးတွေကို အများအပြားဝယ်ယူဖို့ ချိတ်ဆက်ထားတာရှိပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာတင် စပါးအကြမ်းက ဝယ်လိုအားများနေတာပါ” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်လာလအတွင်း သီးထပ်ရင်၊ မနောသုခ၊ ဆင်းသုခ၊ ပခမ်း စသည့်စပါးအကြမ်းအမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ စပါးအကြမ်းအမျိုးအစားများသည် လက်ရှိ တင်း ၁၀၀ လျှင် ငွေကျပ် ၁၆၀၀၀၀၀ မှ ၁၇၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News