Local News

နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနူန်း နိူင်းယှဉ်ဈေး ဈေးကွက်သုံးသပ်ချက်

Last Updated:

ယခုအပတ်တွင် အိန္ဒိယနိုင်ငံကို အဓိက တင်ပို့ရောင်းချနေတယ့် မတ်ပဲ၊ ပဲစင်းငုံ ဈေးကျသလို ပဲတီစိမ်း စားတော်ပဲက ဈေးအေးပြီး ကုလားပဲသာ ဈေးအနည်းငယ် မြင့်တက်လာပါတယ်။ 

မတ်ပဲ 

မတ်ပဲကတော့ ခုတပတ်နိုဝင်ဘာလ နောက်ဆုံးပတ်မှာလည်း ဈေးတန်းက ထပ်ကျသွားတာတွေ့ရပါတယ်။ အရင်ပတ်တုန်းက ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ကျပ် ၂,၈၀၀,၀၀၀ ရှိရာကနေ ခုနိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့  မတ်ပဲ FAQ တစ်တန်ကို ကျပ် ၂,၇၈၀,၀၀၀သာရှိလို့ အရင်တပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ကျပ်၂၀,၀၀၀ ထပ်မံဈေးကျလာပါတယ်။ 

အောက်တိုဘာလတုန်းက မတ်ပဲတစ်တန်ကို ကျပ်၂,၉၃၇,၀၀၀ အထိဈေးရှိခဲ့တာကြောင့် နိုဝင်ဘာလနဲ့ယှဉ်ရင် တစ်တန်ကို  ကျပ်၁၅၀,၀၀၀ ကျော်လောက် ဈေးကျလာတာဖြစ်ပါတယ်။  မန္တလေးဈေးကွက်မှာလည်း အရင်တပတ်က ပိဿာ ၆၀ တစ်အိတ်ကို  ခုတပတ်မှာတော့ ကျပ်၂၆၂,၅၀၀ ရှိပြီး တစ်အိတ်ကို ကျပ်၃,၅၀၀ ထပ်ကျ လာပါတယ်။ နယ်ဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ကျပ် ၈၈,၀၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ကျပ်၁,၅၀၀ ထပ်ကျလာ နေပါတယ်။ 

အိန္ဒိယနိုင်ငံဘက်က ပွဲတော်ကာလပြီးသွားတာကြောင့်  ဝယ်လိုအားနည်းသွားတဲ့အတွက် ဈေးတန်းက အေးပြီးပြန်ကျလာတာဖြစ် တယ်လို့သိရတယ်။ဒါပေမယ့်လည်း မတ်ပဲဈေးက အများကြီးကျဆင်းနိုင်တဲ့ အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ပါတယ်။ မတ်ပဲကတော့ ပြည်တွင်းမှာ ပဲလက်ကျန်မရှိသလောက်နည်းသွားပြီဖြစ် ပါတယ်။ 

ကုလားပဲ 

ကုလားပဲကတော့ ခုတပတ် ရန်ကုန်ဈေးကွက်ရော မန္တလေးဈေးကွက်မှာပါ ဈေးတက်လာပါတယ်။ ရန်ကုန် ဈေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၀၀ မှ ၄၅၈၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးက ၄၆၆၅ မှ ၄၇၅၀ ကျပ်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်နူန်းစီ ပြန်တက်လာသလို ကုလားပဲခြမ်းကလည်း ၅၇၅၀ မှ ၆၀၀၀  ကျပ်ဈေးပေါက်ပြီး အရင်တပတ်ကထက် ၅၀  ကျပ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၈၀ ကျပ်မှ  ၄၆၇၀ ကျပ်အထိ ရှိခဲ့သလို ကုလားပဲခြမ်းက ၆၆၆၅ မှ ၇၁၇၀ ကျပ်အထိရှိခဲ့တာကြောင့် နိုဝင်ဘာလနဲ့ယှဉ်ရင် တစ်ပိဿာကို ၈၅ ကျပ်ကနေ ၁၁၀၀ ကျော်အထိ ဈေးတန်းကျလာတာဖြစ်ပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(V2)က ၅၆.၂၅ ပိဿာတစ်အိတ်ကို ၂၆၉၀၀၀ မှ ၂၇၀၀၀၀  ကျပ်ဈေး ရှိပြီး  ကုလားပဲ V7ကလည်း ၂၇၅၀၀၀ ကျပ်ဈေးရှိပြီး ၃၀၀၀ ကျပ်ပြန် တက်လာပါတယ်။ ကုလားပဲ ၉၂၉ က ကျပ် ၂၅၈,၅၀၀ ဈေးရှိပြီး ၃၅၀၀ ကျပ် တက်လာပါတယ်။ ကုလားပဲက ပြည်တွင်း စားသုံးမှုအဓိကဖြစ်လို့  စက်ပိုင်ပဲခွဲစက်တွေရဲ့ ဝယ်ယူမှုအပေါ်လိုက်ပြီး ဈေးအတက်အကျ ရှိနေတာဖြစ်ပါတယ်။ 

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ အရောင်းအဝယ်အေးပြီး ဈေးတန်းက အကျမှာပဲ ရှိနေပါတယ်။  တရုတ်ဘက်က ပဲလိုအပ် ချက်သိပ်မရှိတာကြောင့်   ပဲတီစိမ်း ဝယ်လိုအားနည်းလို့ ဈေးတန်းက ကျလာတာဖြစ် တယ် လို့သိရပါတယ်။ ဒါပေမယ့်လည်း ပဲတီစိမ်းက ပိဿာ ၂၀ တစ်တင်းကို  ကျပ်၅၀၀၀၀ အောက်ကျနိုင်မယ့်အခြေအနေမရှိဘူးလို့  ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၄၃၀ ကျပ် ရှိပြီး  ပဲတီစိမ်း (ပဲခူးရွှေ ဝါ)ကလည်း  ၃၂၆၅ ကျပ် နဲ့ အရင်တပတ်ကအတိုင်းဈေးငြိမ်နေပေမယ့်    ပဲတီစိမ်း(ဝါးခယ်မ)ကတော့  တစ်ပိ ဿာကို ၂၆၃၀ ကျပ်မှ ၃၁၇၀  ကျပ်ဈေးရှိပြီး  အရင်တပတ်ကထက် ၃၅ ကျပ်ကနေ ၁၀၀ ကျပ်အထိ ဈေး  ထပ်ကျသွားတာတွေ့ရပါတယ်။ 

မန္တလေးဈေးကွက်မှာတော့  အရင်တပတ်က အတိုင်း ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅  တစ်အိတ်ကို အမြင့်ဆုံး ဈေး   ၁၅၀၀၀၀ ကျပ်ဈေးတန်းမှာပဲရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၃၀ ကျပ် ရှိပြီး  ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း  ၃၄၆၅ ကျပ် နဲ့   ပဲတီစိမ်း(ဝါးခယ်မ)ကလည်း  တစ်ပိဿာကို ၂၈၆၅ ကျပ်မှ  ၃၃၀၀ ကျပ်ဈေးရှိတာကြောင့် နိုဝင်ဘာလမှာ တစ်ပိဿာကို ၂၀၀ ကျပ်လောက်ကျလာပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာဈေး ထပ်ကျလာပြီး မန္တလေးဈေးကွက်မှာတော့ ဈေးတန်း ဖွင့်နိုင်ခြင်းမရှိတာတွေ့ရ ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ကျပ်၃၁ သိန်း ဈေးရှိလာပြီး အရင်တပတ်ကထက် ကျပ် ၁၂၅၀၀၀ ထပ်ကျလာပါတယ်။ ပဲစင်းငုံနီက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တစ်တန်ကို ကျပ် ၄၀၇၅၀၀၀ အထိ ရှိခဲ့လို့ နိုဝင်ဘာနဲ့ယှဉ်ရင် တစ်တန်ကို ၉၇၅၀၀၀ ကျပ်အထိဈေးကျလာတာဖြစ်ပါတယ်။ 

ဒီဇင်ဘာလကစပြီး ပဲစင်းငုံနီအသစ်တွေက ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိတာရယ်၊လက်ကျန်နည်းတာနဲ့ အိန္ဒိယဘက်ကဝယ်လိုအား လျော့တာကြောင့် အရောင်းအဝယ်အေးပြီးဈေးတန်ကကျလာပေမယ့် အိန္ဒိယနိုင်ငံဘက်က ပဲစင်းငုံနီလိုအပ်ချက်ရှိလို့ တစ်တန်သိန်း ၃၀ အောက်ကိုတော့ ကျနိုင်မယ့်အလားအလာမရှိဘူးလို့ ကုန်သည်တွေ ကသုံးသပ်ထားကြပါတယ်။ 

စားတော်ပဲ 

စားတော်ပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး မန္တလေးဈေးကွက်မှာ ဈေးကျလာတာတွေ့ရပါတယ်။ မန္တလေး ကုန်စည်ဈေးကွက်မှာ စားတော်ပဲ ကနေဒါက ၂၆၅၀၀၀ ကျပ်ရှိပြီး  စားတော်ပဲ ယူကရိန်းက ၂၃၀၀၀၀ မှ ၂၃၃၀၀၀ ကျပ်၊ အရင်တပတ်နဲ့ ယှဉ်ရင် ကျပ် ၅၀၀၀ ကနေ ၇၀၀၀ လောက်ဈေးကျသွားပြီး  စားတော်ပဲ ကျွန်းကတော့  ၃၁၀၀၀၀၀ ကျပ်မှ ၃၃၀၀၀၀ ဈေး တန်းမှာပဲရှိနေပါတယ်။ အခုဖော်ပြပေးခဲ့တဲ့ ဈေးကွက်အခြေအနေကတော့ နိုဝင်ဘာလ ၂၅ ရက်ကနေ ၃၀  ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်နိူင်းယှဉ်သုံးသပ်ချက်ဖြစ်ပါတယ်။

Source: https://t.me/htwettoe

Category: Local News