Local News

ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်မက်ထရစ်တန်ချိန် ၁၇၀၀ ကျော် တင်ပို့နိုင်ခဲ့

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်အထိ ၁၀ လတာကာလအတွင်း ပြည် တွင်းမှထွက်ရှိသော ပျားရည်မက်ထရစ် တန်ချိန် ၁၇၀၀ ကျော်ကို ပြည်ပနိုင်ငံများသို့  တင်ပို့နိုင်ခဲ့ကြောင်း  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ပြည်တွင်း၌  တစ်နှစ်လျှင်  စုစုပေါင်း ပျားရည်မက်ထရစ်တန်ချိန် ၄၀၀၀ ကျော်ထွက်ရှိပြီး အဆိုပါပျားရည် ထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိကာ ကျန် ၄၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌စားသုံးခြင်းနှင့်  ဆေးဝါးထုတ်လုပ်ငန်းများတွင် အသုံးပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပနိုင်ငံတွေကို စုစုပေါင်းပျားရည် မက်ထရစ်တန်ချိန် ၁၇၂၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၈၉ သန်း ရရှိခဲ့ပါတယ်။ ပြည်ပကို ပျားရည်အများဆုံးတင်ပို့တဲ့ လတွေကတော့ နိုဝင်ဘာလ၊ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ သုံးလဖြစ်ပါတယ်။ ထိုင်း၊  ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို အဓိကတင်ပို့ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ကပြောသည်။

ပြည်တွင်း၌ ပျားရည်ကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် တိုင်းဒေသကြီးများနှင့်   ပြည်နယ်များမှလည်း ပျားရည်များထွက်ရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသော ပျားရည်အမျိုးအစားများတွင် နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဆီးပျားရည်၊ လိုက်ချီး ပျားရည်များပါဝင်ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ပျားမွေးမြူသူဦးရေ ၉၀၀ ခန့်ရှိကာ ပျားအုံပေါင်း နှစ်သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။   

Source: https://www.myawady.net.mm

Category: Local News