Local News

မြန်မာ့ကြက်သွန်နီကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့နေရသည့်အတွက် ဈေးနှုန်းအမြင့်ပိုင်းတွင်ရှိနေ

Last Updated:

          ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့နေရသည့်အတွက် ဈေးနှုန်းအမြင့်ပိုင်းတွင်ရှိနေကြောင်း ကြက်သွန်နီကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ လတ်တလော၌ မန္တလေးတိုင်းဒေသကြီး မုံရွာ၊ မြင်းခြံမြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်များမှ ထွက်ရှိသည့် ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့နေကြောင်း သိရသည်။

          လက်ရှိတွင် မြဝတီ နှင့် မူဆယ်မြို့တို့သို့ တစ်လလျှင် တွဲကားအစီးရေ (၆၀) ခန့်တင်ပို့နေရပြီး နယ်မြို့များမှတဆင့် တိုက်ရိုက်တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်သို့လည်း တစ်ရက်လျှင် အစီးရေ (၂၀) မှ (၃၀) ဝန်းကျင် ဝင်ရောက်လျက်ရှိပြီး မုံရွာ၊ ဆိပ်ဖြူ၊ စသည့်ဒေသများမှ ကြက်သွန်နီများ အများဆုံးဝင်ရောက်ကြောင်း သိရသည်။

          ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ကြက်သွန်နီများကို လက်လီဈေးများ အပါအဝင် တခြားဒေသများသို့ ပြန်လည်တင်ပို့လေ့ရှိကြောင်း၊ ကြက်သွန်နီဈေးနှုန်းမှာ မုံရွာကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် (၁၉၀၀) ကျပ်မှ (၂၀၅၀) ကျပ်၊ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာလျှင်ငွေကျပ် (၁၉၀၀) ကျပ် မှ (၂၁၅၀) ကျပ်၊ မင်းဘူးကြက်သွန် နီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၁၉၅၀) ကျပ် အထိရှိကြောင်း သိရသည်။

Source: Popular News Journal

Category: Local News