International News

ရုရှားရေနံစိမ်း ယွမ်ဖြင့် အိန္ဒိယနိုင်ငံ စတင်ပေးချေ

Last Updated:

          အိန္ဒိယနိုင်ငံမှ ရေနံချက်စက်ရုံ  လုပ်ငန်းရှင်များသည် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု အချို့အတွက် တရုတ်ယွမ်ငွေဖြင့် စတင်ပေးချေနေပြီဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံနှင့် ရုရှားရေနံစိမ်း ဝယ်လက်များသည် ငွေပေးချေမှုများ ပိတ်ဆို့ထားသည်ကို ဖြေရှင်းကျော်လွားရန်အတွက် ဒေါ်လာအစား အခြား‌ငွငွေးကို သုံးစွဲလာကြသည်။ ရုရှားနိုင်ငံကို အနောက်နိုင်ငံများ၏ ပိတ်ဆို့ထားစဉ် အိန္ဒိယနိုင်ငံသည် ရုရှားနို်ငငံရေနံစိမ်းကို အများဆုံးတင်သွင်းသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။
        အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ရေနံအရောင်းအဝယ်တွင် အဓိက ငွေကြေးဖြစ်သည်။ အမေရိကန်ဒေါ်လာဖြင့်သာ ရောင်းကြဝယ်ကြသော်လည်း ရုရှားရေနံစိမ်းကို ကန်ဒေါ်လာဖြင့် ပေးချေရန်မှာ အခက်အခဲများ ရှိနေသည်။ ရုရှားနိုင်ငံသည် ကန်ဒေါ်လာနှင့် ယူရိုငွေကြေးကွန်ရက်များ သုံးစွဲခွင့်မရသဖြင့် ကန်ဒေါ်လာနေရာတွင် တရုတ်ယွမ်ကို သုံးစွဲလာရသဖြင့် ရုရှား ငွေကြေးစနစ်တွင် ယွမ်၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာသည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံနှင့်ဓာတ်ငွေ့တင်သွင်းမှု အများစုအတွက် ငွေပေးချေရာတွင် ယွမ်သို့ ကူးပြောင်းသည်။တရုတ်နိုင်ငံတင်သွင်းသည့်ရေနံတွင် ဆော်ဒီအာရေဗျရေနံသည် အများဆုံးဖြစ်ခဲ့သည်။ ယခုအခါ ရုရှားရေနံသည် အများဆုံးဖြစ်သည်။ ယခုနှစ် ပထမ၃ လပတ်တွင် ဆော်ဒီရေနံထက် ရုရှားရေနံကို ပိုမိုတင်သွင်းခဲ့သည်။
          အိန္ဒိယနိုင်ငံတွင် Indian Oil Corp သည် ရုရှားရေနံစိမ်း အများဆုံးဝယ်ယူသူဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်း Indian Oil Corp သည် ဇွန်လတွင် ရုရှားရေနံစိမ်းကို ပထမဆုံးအကြိမ်အဖြစ် ယွမ်ဖြင့်ပေးချေခဲ့သည်။ ၎င်းအပြင် အိန္ဒိယနို်ငငံမှ ပုဂ္ဂလိက ရေနံချက်စက်ရုံ လုပ်ငန်းအနည်းဆုံး ၂ ခုသည်လည်း ရုရှားရေနံစိမ်းကို ယွမ်ဖြင့် ပေးချေခဲ့ကြသည်။ ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့မှုများ ချမှတ်ပြီးကတည်းက  အိန္ဒိယရေနံချက်လုပ်သူများသည် ဒူဘိုင်းအခြေစိုက် ကုန်သည်များနှင့် ရုရှားရေနံကုမ္ပဏီများဖြစ်သည့် Rosneft )၊ ရုရှားရေနံ အဓိကလုပ်ငန်းကြီး  Lukoil  ၏ လုပ်ငန်းခွဲ Litasco နှင့် Gazprom Neft တို့မှ ရုရှားရေနံစိမ်းများကို အများစုဝယ်ယူခဲ့ကြသည်။ အိန္ဒိယရေနံချက်လုပ်သူများသည် ရုရှားရေနံအတွက် ဒေါ်လာမဟုတ်သော ပေးချေမှုအချို့ကို ယူအေအီးငွေကြေး ဒါဟမ်ဖြင့်လည်း ပြေလည်အောင် ဖြေရှင်းပေးခဲ့သည်။
        "ပထမဦးစားပေးမှာ ဒေါ်လာဖြင့် ပေးချေရန်ဖြစ်သော်လည်း ရေနံချက်လုပ်သူများက တစ်ခါတရံမှာ အခြားငွေကြေးများဖြစ်တဲ့  ဒါဟမ်နှင့် ယွမ်တို့ဖြင့် ပေးချေပါတယ်။ ရောင်းချတဲ့ သူက ယွမ်လိုချင်ရင် ယွမ်၊ ဒါဟမ် လိုချင်ရင် ဒါဟမ်ဖြင့် ပေးချေကြပါတယ်" ဟု အန္ဒိယအစိုးရ သတင်းရင်းမြစ်က ပြောကြားသည်။ ရုရှားနိုင်ငံမှ အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုသည် မေလတွင် စံချိန်တင် မြင့်တက်ခဲ့သည်။ ရုရှားရေနံစိမ်း တင်သွင်းမှုသည် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းရေနံတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။

Source: https://www.industrialdirectory.com.mm

Category: International News