Local News

ငဖဲမြို့နယ်၌ မိုးနှမ်းလျာထားချက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

Last Updated:

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်တို့မှ ပို့လွှတ်သောရေဖြင့်  ယခုနှစ်မိုးသီးနှံစိုက်ပျိုး ရာသီတွင် မိုးနှမ်းဧက ၉၄၄၀ စိုက်ပျိုးရန် လျာထားခဲ့ရာ လက်ရှိအချိန်ထိ  ၁၀၇၅၆ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက်  ၁၃၁၆  ဧက ကျော်လွန်စိုက်ပျိုးနိုင် ခဲ့ကြောင်း သိရသည်။

         ငဖဲမြို့နယ်အတွင်း မိုးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ငရုတ်စို(မိုး)၊ ပဲနောက်၊ ပြောင်းနှင့်နှမ်းကို အများဆုံးစိုက်ပျိုးကြရာ မိုးနှမ်းစိုက်ပျိုးမှု ကုန်ကျစရိတ်မှာ မိုးစပါး စိုက်ပျိုးမှု ကုန်ကျစရိတ်ထက် ပိုမိုသက်သာပြီး    နှမ်းဈေးကောင်း ရရှိသောကြောင့် တစ်နှစ်လျှင်   နှမ်းကို   နှစ်သီးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က နှမ်းကို ဧက ၉၄၄၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

         ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ကို  ကျေးရွာအုပ်စု  ၂၂ အုပ်စုရှိ ကွင်း ပေါင်း  ၁၁၂  ကွင်း၌   နှမ်းနက်(စမုန်) မျိုးနှင့်  ဒေသနှမ်းမျိုးများကို  အများဆုံး စိုက်ပျိုးကြပြီး  ဒေသတွင်းစားသုံးဆီဖူလုံ စေရေးနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး အတွက်  ငဖဲမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်စိုး ဦးဆောင်ကြီးကြပ်၍ ငဖဲမြို့နယ်  လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန   ဦးစီးမှူးနှင့် ကွင်းတာဝန်ခံဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်   သက်ဆိုင်ရာ တာဝန်ခံ ကွင်းဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။Source: https://www.myawady.net.mm

Category: Local News