Local News

မြန်မာ့ထောပတ်သီးနှင့် ထောပတ်သီးအဆီကို ဘာရိန်းနိုင်ငံက ဝယ်ယူရန်ကမ်းလှမ်းလာမည့် အောက်တိုဘာလတွင် စမ်းသပ်တင်ပို့မှုများ ဆောင်ရွက်သွားမည်

Last Updated:

မြန်မာ့ထောပတ်သီးနှင့် ထောပတ်သီးအဆီကို GCC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘာရိန်းနိုင်ငံက ဝယ်ယူတင်သွင်းရန် ကမ်းလှမ်းထားပြီး လာမည့်အောက်တိုဘာလတွင် စမ်းသပ်တင်ပို့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO)မှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများနှင့် ထောပတ်သီးအဆီများကို GCC အဖွဲ့ဝင် ဘာရိန်းနိုင်ငံရှိ Riyara ကုမ္ပဏီက ဝယ်ယူရန်အတွက် အိန္ဒိယနိုင်ငံအခြေစိုက် Riyara ကုမ္ပဏီမှတစ်ဆင့် ကမ်းလှမ်းထားခြင်းဖြစ်ပြီး အဆိုပါကမ်းလှမ်းချက်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအခြေစိုက် Riyara ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAYO) မှ ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ မြန်မာစီးပွားရေးသံမှူး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (နေပြည်တော်)နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(ရှမ်းပြည်နယ်)တို့မှ တာဝန်ရှိသူများ သည်ပြီးခဲ့သည့် ဩဂုတ်လ စတုတ္ထပတ်အတွင်းက Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

“ဘာရိန်းနိုင်ငံ Riyara ကုမ္ပဏီက သူတို့နိုင်ငံအတွင်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချလိုတဲ့အတွက် မြန်မာ့ထောပတ်သီးတွေကို ဝယ်ယူတင်သွင်းဖို့ စိတ်ဝင်စားတဲ့အတွက် သူတို့ရဲ့ အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီကနေတစ်ဆင့် ကမ်းလှမ်းလာတာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေအရ လာမဲ့အောက်တိုဘာလလယ်တွင် ထောပတ်သီးနှင့် ထောပတ်သီးအဆီကို စမ်းသပ်တင်ပို့ရမှာဖြစ်တဲ့အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူးတို့က ကူညီဆောင်ရွက်ပေးနေပါ တယ်”ဟု MAVO မှ ဒုတိယဥက္ကဋ္ဌ  ဦးမျိုးညွန့်က ပြောပြသည်။

ထိုသို့ စမ်းသပ်တင်ပို့ရန်အတွက် ဘာရိန်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ်များ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း၊ Global GAP လက်မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည်အသွေး စစ်ဆေးထားသည့် ထောက်ခံချက်များ တင်ပို့နိုင်မည့်ပမာဏများနှင့် လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေအနေတို့ကိုလည်း ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News