Local News

ပုသိမ်မြို့နယ်တွင် ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်ဖြူများ တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူများ တစ်ပိဿာလျှင်ငွေကျပ် ၇၅၀၀ ထိဈေရရှိနေကြောင်း ပုသိမ်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းပိုင်ရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြ၍ သိရသည်။

ပုသိမ်မြို့ ဈေးကွက်အတွင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူများဝင်ရောက်လျက်ရှိပြီး ပြီးခဲ့သည့်ဩဂုတ်လပထမပတ်က ရှမ်းပြည်နယ်မှ ဝင်‌ရောက်လာသည့် ကြက်သွန်ဖြူများ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိသာ ဈေးရရှိခဲ့ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်မှ ယနေ့(စက်တင်ဘာလ ၄)ရက်နေ့ထိ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်ဖြူ တစ်ပိဿာလျှင်‌ ငွေကျပ် ၇၅၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

“အခုဈေးကွက်ထဲကို ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ကြက်သွန်ဖြူတွေက ပြီးခဲ့တဲ့ဩဂုတ်လ ဒုတိယပတ်ကတည်းက ဈေးကောင်းလာတာပါ။ အခုတစ်ပိဿာချင်းဈးက ငွေကျပ် ၃၀၀၀ လောက်ထိ ဈေးကောင်းလာပါတယ်။ ပုသိမ်ဈေးကွက်ထဲကိုဝင်လာတဲ့ ကြက်သွန်ဖြူတွေက အရည်အသွေးလည်းကောင်းပါတယ်” ဟု ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြသည်။

ပုသိမ်မြို့နယ်စားသောက်ကုန်ရောင်းဝယ်ရေးနှင့် ကြက်သွန်ဖြူပွဲရုံများသို့ တစ်ရက်လျှင် ကြက်သွန်ဖြူပိဿာချိန် ၁၀၀၀ မှ ၇၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရှမ်းပြည်နယ်မှဝင်ရောက်လာသည့် ကြက်သွန်ဖြူများ ဈေးကောင်းရရှိလာသောကြောင့် ကုန်သည်များ၊ ကုန်တင်ယာဉ်အဌားလိုက်သူများ၊ စိုက်ပျိုးတောင်သူများ၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News