Local News

လပွတ္တာမြို့နယ်၌ နေလှန်းဆား ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေသန်း၏ ပြောပြချက်အရ သိရသည်။ “ဒီနှစ် နေလှန်းဆားဈေးနှုန်းက တော်တော်ကောင်းနေတယ်။ လက်ရှိမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်း လုပ်တဲ့ရာသီဖြစ်လို့ အခုလိုဒေသထွက် ဆားဈေးတက်နေတာပါ။ လက်ရှိအချိန်က လက်ကျန်ဆားတွေကိုပဲ ရောင်းနေတာ။ အခုလိုဆားဈေးကောင်းလာတော့ ဆားထုတ်လုပ်တဲ့သူတွေလည်း  အဆင်ပြေလာတာ တွေ့ရပါတယ်။

ဒေသထွက်ဆားတွေကို ဧရာဝတီတိုင်းဒေသကြီးထဲက ဆားဝယ်လက်တွေကို ရောင်းချနေရတဲ့အပြင် ရန်ကုန်ဈေးကွက်ကိုလည်း တင်ပို့ရောင်းချနေပါတယ်။ ဆားဈေးကောင်းလာတော့ ဆားသိုလှောင်ထားသူတွေ အဆင်ပြေတာတွေ့ရပါတယ်”ဟု ဒေါ်ဆွေသန်းကပြောသည်။

လပွတ္တာမြို့နယ်၌ မေ၊ ဇွန်နှင့်ဇူလိုင်လတို့က နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ခန့်သာ ဈေးရရှိခဲ့ပြီး သြဂုတ် ၁ ရက်မှ လက်ရှိအချိန်ထိ နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။

Source: https://www.myawady.net.mm

Category: Local News