International News

အရည်အသွေးမပြည့်ဝသော ကုန်စည်များ ဝင်ရောက်မှုမှ တားဆီးရန် မဟာဗျူဟာ ချမှတ်ခဲ့သည့် ထိုင်းနိုင်ငံ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာန ၂၈ ခုတို့သည် ပြည်ပမှ အရည်အသွေးမပြည့်ဝသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ တရားမဝင် ဝင်ရောက်လာမှုကို တိုက်ဖျက်ရန် မဟာဗျူဟာတစ်ရပ်ကို ချမှတ်ခဲ့ကြသည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်း ဌာနက ဖော်ပြထားသည်။ ဒုတိယ၀န်ကြီးချုပ်နှင့် စီးပွား/ကူးသန်းဝန်ကြီး Phumtham Wechayachai ဦးဆောင်ခဲ့သည့် အစည်းအဝေးတွင် အရည်အသွေးနိမ့်ထုတ်ကုန်များ တင်သွင်းမှုကို ကန့်သတ်ရန်နှင့် ထိုင်း SMEs နှင့် E-Commerce လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် နည်းလမ်းများကို အဓိကထား ဆွေး နွေးခဲ့ကြသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ စျေးနှုန်းချိုသာသော သွင်းကုန်များကြောင့် ပြည်တွင်းထုတ်လုပ်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်အတွက် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယဝန်ကြီးချုပ်က ကုန်စည်စံချိန်စံညွှန်းများ ထိန်းသိမ်းရန် နိုင်ငံခြားကုမ္ပဏီများအား ကုန်သွယ်မှုမှတ်ပုံတင်စေခြင်းနှင့် လိုင်စင်ဆိုင်ရာစည်းမျဉ်းများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အပါအဝင် တင်းကြပ်သော စစ်ဆေးမှုများပြုလုပ်ရန် ဆွေးနွေးခဲ့ပါသည်။ ၎င်းက ထိုင်းနိုင်ငံအနေဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများနှင့် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ ထိုင်းပစ္စည်းများအား E-Commerce လမ်းကြောင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိရောက်စွာ ထိုးဖောက်နိုင်ရေး ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။

အကောက်ခွန်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်စွာဆောင်ရွက်ရန်၊ ကုန်ပစ္စည်း အရည်အသွေး အသိအမှတ်ပြု လက်မှတ်များ၏ တရားဝင်မှုကို အကဲဖြတ်ရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ ကောက်ခံသော သွင်းကုန်ခွန်များကို စိစစ်ရန် သဘောတူညီခဲ့ကြပါသည်။ ထို့ပြင် သွင်းကုန်များ စည်းမျဉ်းများနှင့် ကိုက်ညီရေး ချက်ချင်းဆောင်ရွက်ရမည့် နည်းလမ်း ၅ ခု၊ နည်းလမ်း ခွဲ ၆၃ ခု ပါဝင်သော မဟာဗျူဟာစီမံချက်ကို ဆွေးနွေးပွဲက ထုတ်ဖော်ခဲ့ပါသည်။ အဆိုပါနည်းလမ်း ၅ ခု မှာ -

(၁)     ဥပဒေစိုးမိုးရေးကို အားကောင်းစေခြင်း၊

(သွင်းကုန်များကို အကောက်ခွန်ကတင်းကျပ်စွာ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းကြေငြာလွှာများကို စိစစ်ခြင်းနှင့် အွန်လိုင်းစျေးကွက် စောင့်ကြည့်မှုကြိမ်ရေ တိုးမြှင့်ခြင်း။

(၂)     စည်းမျဉ်းများကို အချိန်နှင့်တပြေးညီ ပြောင်းလဲခြင်း၊

( ပြည်ပမှ ပလပ်ဖောင်းဖြင့် စီးပွားရေးလုပ်ကိုင်သူများအား ထိုင်းနိုင်ငံတွင် လာရောက်နေထိုင်ရန် ချမှတ်ခြင်းနှင့်စံနှုန်းများ မဖြစ်မနေထားရမည့် ကုန်စည်အမယ်များ ချဲ့ထွင်ခြင်းစသည့် ခေတ်မီကုန်သွယ်မှု အလေ့အကျင့်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် စည်းမျဉ်းများကို ပြင်ဆင်ခြင်း။ )

(၃)     အခွန်နည်းလမ်းများ အကောင်အထည်ဖော်ခြင်း၊

(ပြည်ပမှ အွန်လိုင်းဖြင့် ရောင်းချသူများအား ထိုင်းနိုင်ငံတွင် VAT အတွက် မှတ်ပုံတင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍအား သက်ဆိုင်ရာ အခွန်စည်းမျဉ်းသင်တန်းများပေးခြင်း။)

(၄)     ထိုင်း SME များကို ပံ့ပိုးပေးခြင်း၊

(ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်အတွက် ထိုင်း SMEs များ ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် လုပ်ငန်းလည်ပတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်း။)

(၅)     နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ခြင်း၊

(E-Commerce လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်ခြင်း၊ ထိုင်းနိုင်ငံအား ကုန်စည်ဖြန့်ဖြူးမှုအတွက် ဒေသဆိုင်ရာဗဟိုနေရာအဖြစ် ထူထောင်ခြင်း။)

သွင်းကုန်များအပေါ် စံချိန်စံညွှန်းများ ကျင့်သုံးမှုသည် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းငယ်များအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ထိုင်းနိုင်ငံ၌ရောင်းချမည့် ကုန်စည်များအားလုံးသည် ပြည်တွင်း / ပြည်ပ စံချိန်စံညွှန်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း ပြောကြားခဲ့ သည်။

စားသုံးသူအကာအကွယ်ပေးရေးနှင့် ထိုင်းလုပ်ငန်းရှင်များ ကမ္ဘာ့ဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်နိုင်ရေးကို ရှေးရှု၍ ယခုအစည်းအဝေးဆုံးဖြတ်ချက်များ၏ ဖြစ်ပေါ်တိုးတက်မှုများကို အပတ်စဉ် အစီရင် ခံစာများနှင့် နှစ်ပတ်လျှင်တစ်ကြိမ် အစည်းအဝေးများဖြင့် ပြန်လည်သုံးသပ်မည်ဖြစ်ပါသည်။ ထိုင်း စီးပွား/ကူးသန်းဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုသဘော တူညီချက်များ၏ စည်းမျဉ်းများကို လိုက်နာလျက် ပြည်တွင်းဈေးကွက်များကို ကာကွယ်ခြင်းသည် အရေးကြီး ဆုံးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၏ သွင်းကုန်ကဏ္ဍတွင် အရည်အသွေးနှင့် တရားဝင်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Nation

Source: https://commerce.gov.mm

Category: International News