Local News

မန္တလေးဈေးကွက်အတွင်း ပြည်ပဝယ်ယူမှုများပြားသဖြင့် ပဲစင်းငုံ(ဖြူ) အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်တွင် ပြည်ပဝယ်ယူမှုများပြားသဖြင့် ပဲစင်းငုံ(ဖြူ) အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲစင်းငုံ(ဖြူ)ကို ယခုလက်ရှိတွင် တရုတ်နိုင်ငံက ဝယ်ယူမှုများရှိလာကြောင်း၊ ယခင်က ပဲစင်းငုံ(ဖြူ) အရောင်းအဝယ်မှာ မန္တလေးဈေးကွက်အတွင်း၌ ပုံမှန်အနေအထားတွင် ရှိနေကြောင်း၊ ယခု ပဲစင်းငုံ(ဖြူ)များ မန္တလေးဈေးကွက်အတွင်း ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိမှာ ပဲစင်းငုံ(ဖြူ)တွေကို ပြည်ပအပြင် ပြည်တွင်းကကုန်သည်တွေပါ ဝယ်ယူမှုတော်တော်လေးများလာပြီး ဈေးကွက်ထဲ အရောင်းအဝယ်က အရင်ကထက် ပိုပြီးကောင်းလာတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်တွင် စက်တင်ဘာလ ၄ ရက်နေ့ပေါက်ဈေးအရ ပဲစင်းငုံ(ဖြူ)ဈေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၇၀၀၀၀ ထိပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။

“အခုလောလောဆယ်တော့ ပဲစင်းငုံ(ဖြူ)တွေ အရောင်းအဝယ်ပြန်ပြီးကောင်းလာတယ်။ တရုတ်နိုင်ငံကလဲ အခုတစ်လောအဝယ်ပြန်များလာတယ်။ အရင်က တရုတ်နိုင်ငံကလဲ မဝယ်မရှိတာကြောင့် အရောင်းအဝယ်အေးနေခဲ့တယ်။ အခုတော့ ပဲစင်းငုံ(ဖြူ)တွေ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်နေပါတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News