Local News

မန္တလေးဈေးကွက်အတွင်း ဆီးဆန်များ တရုတ်နိုင်ငံက ဝယ်ယူမှုအားကောင်း၍ ဈေးကောင်းရရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း ယခုရက်ပိုင်း ဆီးဆန်များ တရုတ်နိုင်ငံက ဝယ်ယူမှုအားကောင်း၍ ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြ၍ သိရသည်။

ဆီးသီးများတွင် ဆီးချိုသီး၊ ဆီးချဉ်သီးနှင့် ထိုင်ဝမ်ဆီးသီးဟူ၍ သုံးမျိုးရှိကြောင်း၊ ဆီးဆန်များကို ဆီးချဉ်သီးမှ ကြိတ်ခွဲပြီးထုတ်လုပ်ရှရှိကြောင်း၊ အဆိုပါဆီးဆန်များ ဩဂုတ်လ တတိယပတ်မှစ၍ ဆီးဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြသည်။

“ဆီးသီးမှကြိတ်ခွဲထုတ်လုပ်လိုက်တဲ့ ဆီးဆန်တွေကို တရုတ်နိုင်ငံက ဝယ်ယူမှုအားကောင်းလို့ ဈေးမြင့်တက်နေတယ်။ ဆီးဆန်က မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ အသုံးချမှုရှိတာ မတွေ့ရပါဘူး။ အဲဒီဆီးဆန်တွေကို တရုတ်နိုင်ငံဈေးကွက်မှာ ဆေးဝါးထုတ်လုပ်တယ်လို့သိရပါတယ်။ ဆီးဆန်အခုလို ဈေးကောင်းရတဲ့အပြင် အ‌သေးစားစက်မှုလုပ်ငန်းတွေလဲ လည်ပတ်နေရလို့ လုပ်သားတွေအလုပ်အကိုင်တွေရရှိကြပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောပြသည်။

အဆိုပါ ဆီးချဉ်ပင်သည် သဲဆန်သောမြေများတွင် အလေ့ကျပေါက်ပြီး ပူအိုက်သောမြေများတွင် ပေါက်လေ့ရှိကြောင်း၊ ဆီးချဉ်ပင်များသည် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး ပေါက်ကြကြောင်း၊ ရေနံချောင်း၊ ချောက်၊ မလိုင်၊ တောင်သာ၊ မိတ္ထီလာ စသည့်မြို့များတွင် ဆီးခွဲစက်များထောင်ကာ ကြိတ်ခွဲမှုပြုလုပ်နေကြကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်မြင့်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News