Local News

စပါးဈေးမြင့်ပြီး တောင်သူလက်ဝယ် စပါးမရှိသလောက် နည်းပါးပြီး ဆန်ဈေးအတက်ဘက် ဦးတည်နိုင်

Last Updated:

ရွှေမန်း

          စပါးဈေးမှာ ယခင်လများထက် အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး တောင်သူလက်ဝယ်၌ စပါးလက် ကျန်မရှိသလောက် နည်းပါးခြင်း ကြောင့် ဆန်ဈေးအတက်ဘက် ဦးတည်နိုင်ကြောင်း ဆန်ကုန်သည် အချို့က သုံးသပ်ကြသည်။ ဆန်၊ စပါးဈေးမြင့်တက်ခြင်းမှာ လှောင်လက်များပြားပြီး စပါးရှားပါးချိန် ဈေးအမြင့်နှင့် ရောင်းချခြင်းမှာ အဓိကဖြစ်သည်ဟု ဆိုသည်။ "စပါးက တောင်သူလက်ထဲမှာ မရှိသလောက်နည်းပါးသွားပြီး လှောင်လက်တွေထဲ ရောက်ကုန်တော့ ဈေးကိုင်တဲ့အနေအထား တွေဖြစ်လာတယ်။စပါးတင်း ၁၀၀ ကို ငွေကျပ် သိန်း ၂၀ ပေးတာ တောင် စပါးရောင်းသူမရှိဖြစ် နေတာ။ စပါးမရှိတော့ ဆန်ဈေးလည်း မြင့်လာတယ်။ ခြုံငုံသုံးသပ်ရင် ဆန်ဈေးက အတက်ဘက် ဦးတည်နေတာပေါ့" ဟု ဆန်ပွဲစား တစ်ဦးက ပြောသည်။

          ဆန်၊ စပါးဈေးကွက်တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ၊ဆန်စပါး အသင်းချုပ်မှ ထိန်းသိမ်းဆောင်ရွက်မှု များရှိပြီး ဆန်၊ စပါးဈေးကွက်တွင် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်အတွက် ဆန်၊ စပါးသိုလှောင် မှု လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို အစည်းထားဆောင်ရွက်နေကြောင်းလည်း သိရသည်။လက်ရှိစပါးဈေးကွက်တွင် စပါးအမျိုးအစားအလိုက် တင်း တစ်ရာလျှင် ငွေကျပ်သိန်း ၂၀နှင့် အထက်ရောက်ရှိပြီး ၎င်းဈေးဖြင့် စပါးရောင်းသူမရှိဖြစ်နေကြောင်း၊ ဆန်လက်ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း (ထူးရှယ်) ငွေကျပ် ၉၉၀၀၀၊ မဂျမ်းတော ငွေကျပ် ၈၉၀၀၀ စသဖြင့် ပေါက်ဈေးရှိကာ ယခင်လထက် အနည်းငယ် ဈေးမြင့်လာသော်လည်း အဝယ်အေးနေကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News