Local News

မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပ

Last Updated:

မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်း အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှစိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့ကိုယ်စားလှယ်များတက်ရာက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်ဖီသည်မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေး အတွက်အရေးပါသည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကော်ဖီတင်သွင်းမှု အများဆုံးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ဆောဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံမှ ကော်ဖီတင်သွင်းမှုပေါ်တွင် အခွန် သုညရာခိုင်နှုန်းသာ ကောက်ခံသောကြောင့် ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာများက ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစီအစဉ်အရ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌနှင့် ဒေသဆိုင်ရာ ကော်ဖီအစုအဖွဲ့များမှ ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက အကြံပြုဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင် နိုင်ရန်အတွက် လိုအပ်ချက်များကို အစိုးရ၊ အသင်းနှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Myantrade-Trade Development

Category: Local News