Local News

စိုက်ဧကလျော့ကျပြီး အထွက်နှုန်းကျဆင်းလာကာ ဈေးကွက်လိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်းကြောင့် ကြက်သွန်ဖြူဈေးနှုန်း အတက်ဘက်သို့ ဦးတည်နေ

Last Updated:

      မြန်မာပြည်၏ ကြက်သွန်စိုက်ဧကမှာ ဒေသမတည်ငြိမ်မှုအခြေအနေများ၏ ရိုက်ခတ်မှုကြောင့် စိုက်ဧကလျော့ကျပြီး အထွက်နှုန်းကျဆင်းလာကာ ဈေးကွက်လိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းအတက်ဖက်ကို ဦးတည်နေကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်အရ သိရသည်။ ကြက်သွန်ဖြူဈေးမှာ ယခုနှစ်ပေါ်ချိန် မတ်လကျော်မှစတင်၍ အနိမ့်ဈေး ၁၈၀၀ကျပ်မှ အမြင့်ဈေး ၃၅၀၀ ကျပ်ခန့်၊ ဧပြီလတွင် အနိမ့်ဈေး ၂၅၀၀ ကျပ်မှ အမြင့်ဈေး ၄၂၀၀ ကျပ်ခန့်၊ မေလတွင် ၃၂၀၀ ကျပ်မှ ၆၀၀၀ ကျပ်ခန့်နှင့် ဇွန်လတွင် ပေါက်ဈေး ၆၈၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ အသီးသီးဈေးတက်ခဲ့ကြောင်း သိရသည်။ 

          ဈေးကွက်သဘောအရ ပစ္စည်းကျန်ရှားပါး၍ အဝင်နည်းလျှင် ဈေးကွက်လိုအပ်မှုရှိ၍ ဈေးနှုန်းမြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် စိုက်ဧကလျော့ကျလာခြင်း၊ သွင်းအားစုဈေးကြီးမြင့်လာခြင်းနှင့် အထွက်နှုန်းလျော့ကျခြင်းတို့ကြောင့်ကြက်သွန်ဖြူဈေး မြင့်တက်မှုကို ပိုမိုတွန်းအားပေးလျက်ရှိကြောင်း သိရသည်။ ကြက်သွန်ဖြူကို ဩဂုတ်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးရန် မြေပြုပြင်ခြင်းပြုလုပ်ကြ၍ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အပင်များကို ပြုစုစောင့်ရှောက်ကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချလေ့ရှိသည်။

          ကြက်သွန်ဖြူ၏ သဘာဝအရ မြေဩဇာကောင်းမွန်သည့်မြေနုမြေပွများတွင် စိုက်ပျိုးထွက်ရှိသည့် အပွစ (တောင်ကြီးစ) ဟူ၍ခေါ်တွင်ပြီး မြေနီ၊ မြေကျစ်တွင် စိုက်ပျိုးထွက်ရှိသည့် အကျစ်စ (အောင်ပန်းစ) ဟူ၍ နှစ်မျိုးခွဲခြား ရောင်းဝယ်လျက်ရှိကြောင်းနှင့် တောင်ကြီးစ၏ အရည်အသွေးမှာ သိုလှောင်မှုနှင့် မကိုက်ညီဘဲ ချက်ချင်းရောင်းဝယ်မှုပြုလုပ်ကြရပြီး ဈေးအတက်အကျအရ တွက်ချေမကိုက်ဘဲ သိုလှောင်မိပါက အလေးချိန်လျော့ကျခြင်း၊ အလေအလွင့်များခြင်းတို့ကြောင့် ဈေးကွက်တွင် လူကြိုက်နည်းလေ့ရှိကြောင်း သိရသည်။ အကျစ်စ (အောင်ပန်းစ) မှာ သိုလှောင်မှုနှင့် ကိုက်ညီပြီး တာရှည်သိုလှောင်နိုင်၍ အလေအလွင့်နည်းခြင်း၊ ဈေးအတက်အကျကို စောင့်နိုင်ခြင်းတို့ကြောင့် လူကြိုက်များလေ့ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

Source: Popular News Journal

Category: Local News