Local News

ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေ ဆက်တက်နေဆဲဖြစ်၊ တစ်ဘတ်ကို မြန်မာငွေ ၈၉ ကျပ်နီးပါးပေါက်

Last Updated:

          ပြည်‌တွင်း ဒေါ်လာဈေးနှုန်း မြင့်တက်မှုနှင့်အတူ တစ်ပါတည်းလိုက်တက်လာသည့် ထိုင်းဘတ်ငွေဈေးနှုန်းသည့် ယခု ဒေါ်လာဈေး ပြန်ကျချိန်တွင်လည်း ကျဆင်းမလာဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း မြဝတီနယ်စပ် ထိုင်း - မြန်မာ ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လအစောပိုင်းက တစ်ဘတ်လျင် (၈၄)ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ဒေါ်လာဈေး မြင့်တက်လာချိန်တွင် တစ်ဘတ်လျင် မြန်မာငွေ ၉၀ ကျပ် နီးပါးအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

          " မကျသေးဘူး။ ဒီမနက် တစ်သိန်းကို ၁၁၂၅ ဘတ် ထွက်တယ်။ ဘတ်ဈေးက ဒီလိုပဲလေ။ တစ်ခုခုဆို တက်ပြီ။ ပြီးရင်သာ ပြန်မကျဘဲ ပေနေတာ" ဟု မြဝတီမြို့မှ ငွေလဲကောင်တာတစ်ခုမှ ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသ ည်။ ယနေ့ ဇူလိုင်လ (၅) ရက် နံနက်ပိုင်း ထိုင်း - မြန်မာ ငွေလဲ ဈေးကွက်အတွင်း မြန်မာငွေ တစ်သိန်းကျပ်လျင် ထိုင်းဘတ်ငွေ ၁၁၂၅ ဘတ်နှုန်း သတ်မှတ် ရောင်းချနေကြပြီး တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးကွာဟမှု အနည်းငယ်ရှိနိုင်ကြောင်း သိရသည်။

        အဆိုပါ နှုန်းထားအရ တွက်ချက်မည်ဆိုပါက ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ ၈၉ ကျပ်နီးပါးရှိပြီး လတ်တလောတွင် ပြန်လည်ကျဆင်းလာမည့် အရိပ်အယောင်မတွေ့ရသေးကြောင်းလည်း မြဝတီနယ်စပ် ငွေဈေးစောင့်ကြည့်လေ့လာသူများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဒေါ်လာဈေးနှုန်းဂယက်ကြောင့်ပင် ထိုင်းဘတ်ငွေ တန်ဖိုးစံချိန်တင် မြင့်တက်ခဲ့ပြီး တစ်ဘတ်ှင် မြန်မာငွေ ၁၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့မှုကြောင့် ထိုင်း - မြန်မာ ကုန်စည်တင်သွင်းသူများ အခက်အခဲကြုံရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ပြီးခဲ့သည့် လကုန်ပိုင်းအတွင်းကစတင်ကာ တစ်‌ဒေါ်လာ ၃၂၀၀ ကျပ် ကျော်သည်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်း နိုင်ငံခြားငွေ ဈေးနှုန်းမှာ ယခုရက်ပိုင်းအတွင်း တဖြေး ဖြေး ပြန်လည်ကျဆင်းလာပြီး ယနေ့ ဇူလိုင်လ (၅) ရက်တွင် တစ်ဒေါ်လာ ၃၀၃၅ ကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

Source: Popular News Journal

Category: Local News