International News

ကမ္ဘောဒီးယားဆန် တရုတ်ပြည်မှာ အရောင်းမြှင့်တင်ရေး Alibaba Group နှင့် ဆွေးနွေး

Last Updated:

          ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် Cambodia Rice Federation (CRF) နှင့် တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba Group တို့သည် တရုတ်ဈေးကွက်တွင် ကမ္ဘောဒီးယားဆန်ကို အွန်လိုင်းတွင် အရောင်းမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံရှိ နာမည်ကြီး e-commerce site ဖြစ်သည့် Alibaba ပလက်ဖောင်း နှင့်   Alibaba  လုပ်ကိုင်သည့်  အွန်လိုင်းစတိုးဆိုင်များတွင် ကမ္ဘောဒီးယားဆန် တင်ပို့ရောင်းချရန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားဆန်ကို အရောင်းမြှင့်တင်ရန်နှင့် စျေးကွက်ချဲ့ထွင်ရေး မဟာဗျူဟာများ ဖွံ့ဖြိုးတိုးတက်စေရန် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ပြောသည်။

       ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တင်သွင်းသည့် တရုတ်တင်သွင်းသူအချို့သည် တရုတ်နိုင်ငံတွင် အွန်လိုင်းမှာ ကမ္ဘောဒီးယားဆန်ကို ရောင်းချလျက်ရှိရာ CRF သည် အွန်လိုင်း မဟာဗျူဟာအတွက် သွင်းကုန်မိတ်ဖက်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း Yeng မှ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ဆန် ၁၁၈,၀၄၁ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၇၇.၄ သန်း ရရှိခဲ့ကြောင်း CRF မှ ပြောကြားပါသည်။

      "တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘောဒီးယား ဆန်တင်ပို့မှု စုစုပေါင်း ပမာဏ၏ ၄၂.၄၃ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ တရုတ်ဈေးကွက်သည် ကမ္ဘောဒီးယား ဆန်များအတွက် အဓိက တင်ပို့သည့် စျေးကွက်ဖြစ်သည်။"ဟု CRF မှ သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံသို့ နှစ်စဉ် ဆန်တန်ချိန် ၄ သိန်း ရောင်းချနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း CRF မှ ပြောကြားခဲ့ပါသည်။

          ကမ္ဘောဒီးယားသည် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံနှင့် ဒေသ ၅၀ သို့ ဆန် ၂၇၈,၁၈၄ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁၉၁ ဒသမ ၆ သန်း ရရှိခဲ့သည်။ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ပရီမီယံဆန်‌မွှေး၊ ဆန်မွှေး၊ ဆန်လုံးရှည် အဖြူ၊ ပြုတ်ဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်သည်။

Source: https://www.foodindustrydirectory.com.mm

Category: International News