Local News

နိုင်ငံခြားငွေလဲနှုန်း အကျဘက်သို့ ဦးတည်လာ၍ ပြည်တွင်းရွှေဈေး အနည်းငယ်ကျဆင်း

Last Updated:

          ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း အကျဘက်သို့ ဦးတည်လာခြင်းကြောင့် ရွှေဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းလာပြီး ကျပ် (၃၁) သိန်းဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တစ်ဒေါ်လာ ငွေလဲနှုန်း ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်ခဲ့ရာ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ၃၂ သိန်းကျော်အထိ လိုက်တက်ခဲ့ခြင်း ဖြစ်သည်။ယမန်နေ့ ဇူလိုင်လ (၄) ရက်၊ နေ့လည် (၂) နာရီခွဲဈေးအရ ပြင်ပဒေါ်လာလဲနှုန်း ၃၀၃၀- ၃၀၅၀ ကျပ်အကြားသို့ ကျဆင်းခဲ့သလို ရွှေဈေးနှုန်းမှာလည်း အကျဘက်သို့ ဦးတည်နေကြောင်း သိရသည်။

          ဇွန်လနောက်ဆုံးပတ်တွင် တစ်ကျပ်သား (၃၂)သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း ရွှေဈေးမှာ ဇူလိုင်လ (၃) ရက်တွင် ၃၁၇၅၀၀၀ ကျပ်နှင့်  ဇူလိုင်လ (၄)ရက်တွင် ၃၁၄၅၀၀၀ ကျပ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။ လက်ရှိ ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ၃၁၄၅၀၀၀ ကျပ်ဝန်းကျင်အရောင်းအဝယ်ဖြစ်နေသော်လည်း ရန်ကုန်ရွှေအသင်းက ၎င်းတို့၏ ရည်ညွှန်းဈေးကို ၂၂ သိန်းဝန်းကျင်တွင်သာ ထုတ်ပြန်နေဆဲ ဖြစ်သည်။ ပြည်တွင်းရွှေဈေး မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားသည့်အနေဖြင့် မန္တလေးရွှေအသင်းက ဈေးကွက်အတွင်းသို့ ရွှေများထုတ်ရောင်းပေးလျက်ရှိရာ ယနေ့ဇူလိုင်လ (၅) ရက်တွင် အခေါက်ရွှေတစ်ကျပ်သား သိန်း ၃၀ ဈေးဖြင့် ဈေးလျှော့ရောင်းချပေးနေကြောင်း သိရသည်။

Source: Popular News Journal

Category: Local News