Local News

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပ

Last Updated:

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပပြီးစီးခဲ့သော မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် အမှာစကားပြောကြားပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ၏ဖော်ထုတ်ချက်များကို အကောင်အထည်ဆောင်ရွက်မှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ခဲ့သော စီးပွားရေးဦးတည်ချက် ၃ ရပ်အနက် ပထမအချက်ဖြစ်သော “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်သည့်အတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသာမက ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများနှင့် ပါဝင်ဆက်စပ်နေသူများတွင်လည်း တာဝန်ရှိပါကြောင်း၊ နိုင်ငံအတွက် ပြည်တွင်းစားသုံးမှုဖူလုံရေးကိစ္စသည် အရေးကြီးသကဲ့သို့ ပြည်ပတင်ပို့မှုကဏ္ဍဖွံ့ဖြိုးရေးကိစ္စသည်လည်း အရေးကြီးပါကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံ၏ ဖော်ထုတ်ချက် ၄၃ ချက် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လုပ်ငန်းစီမံချက် (Action Plan) ကို (၅) နှစ်တာကာလအတွက် ရေးဆွဲပြုစုထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းစီမံချက်နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့က ညီလာခံဖော်ထုတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News