Local News

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် MYANMAR RICE ONLINE (MYRO) WEBSITE မိတ်ဆက်ပွဲနှင့် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ်ရှင်းလင်းပွဲသို့ တက်‌ရောက်အမှာစကား ပြောကြား

Last Updated:

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား (Go-Live Ceremony)နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ တက်‌ရောက်အမှာစကားပြောကြားသည်။    

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့ကျင်းပပြုလုပ်သည့် MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း လုပ်ငန်းစသည့် လုပ်ငန်းများကို Digital Platform ပုံစံဖြင့်ဆောင်ရွက်မည်ဖြစ်ရာ ကုမ္ပဏီမှတ်ပုံတင် စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရ မည့်ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်‌ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူကြိတ်ခွဲသူများနှင့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်းဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပပြုလုပ်ခဲ့ပြီး ဦးစားပေးလုပ်ငန်းစဉ် ၄၃ ရပ် ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအနက် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ်ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် ဆောင်ရွက် မည့်အစီအမံ များရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စီစဉ်လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များအပါအဝင် သက်ဆိုင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News