Local News

စလင်းမြို့နယ်၊ လက်ပံတောကျေးရွာ၌ ချည်မျှင်ရှည်ဝါ၊ ငွေချည်(၁၁)ဝါများ စတင်ကောက်ယူလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လက်ပံ‌တောကျေးရွာ၌ တောင်သူများစိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါ၊ ငွေချည်(၁၁)ဝါများကို ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)မှစ၍ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရှိရပါသည်။

လက်ပံတောကျေးရွာတွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၅၀၀) ကျော်ကို တောင်သူ (၇၀) ဦးမှစိုက်ပျိုးထားရှိပြီး နှစ်စဉ်ဇူလိုင်လမှစတင်၍စိုက်ပျိုးကြရာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အသုတ်လိုက် ကောက်ယူကြကြောင်းသိရှိရပါသည်။ ချည်မျှင်ရှည်ဝါ၊ ငွေချည်(၁၁)ဝါ (၁၅) ဧကစိုက်ပျိုးသော တောင်သူ ဦးတင်ဆန်းနှင့်ဆွေးနွေးခဲ့ရာ ယခုနှစ်တွင် ဝါကို(၂)ဧကခန့်ကောက်ယူပြီးဖြစ်၍ တစ်ကြိမ်ကောက်ယူလျှင် ပိဿာ (၆၀-၇၀) ပိဿာခန့် ကောက်ယူရကြောင်း၊ ဝါတစ်ဧကလျှင် (၅) ကြိမ်မှ (၆) ကြိမ်အထိကောက်ယူရကြောင်း၊ ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၄၅၀၀၀၀)ခန့် ကုန်ကျခဲ့ရပြီး ယခုနှစ်တွင် မျိုးသွင်းအားစု လုပ်သားခများ ဈေးနှုန်းမြင့်တက်မှုကြောင့် ဝါတစ်ဧကလျှင် ကျပ် (၆၀၀၀၀၀) ထိ ပိုမိုကုန်ကျခဲ့ကြောင်း၊ ဝါအထွက်နှုန်းအားဖြင့်တစ်ဧကလျှင် ပိဿာ (၃၅၀-၄၀၀) ပိဿာအထိထွက်ရှိကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (တတိယပတ်) တွင် ဝါတစ်ပိဿာလျှင် ကျပ် (၃၀၀၀) ရောင်းရ၍ တစ်ဧကလျှင် ကျပ် (၅) သိန်းမှ (၆) သိန်းအထိ အကျိုးအမြတ်ရရှိကြောင်း၊ ထွက်ရှိသောဝါများကို စလင်းမြို့ပေါ်ရှိ ပြည့်ရတနာ၊ စိန်သရဖူပွဲရုံများသို့ရောင်းချကြပြီး ပွဲရုံများသို့ (၁) ရက်လျှင် ဝါပိဿာချိန် (၁၀၀၀-၂၀၀၀) အထိအရောင်းအဝယ်ဖြစ်ကြောင်း ပွဲရုံနှင့် လာရောက်ရောင်းချသော တောင်သူများထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News