Local News

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

ပခုက္ကူဒေသ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဆန်ဈေးနှုန်းများသည် ယခုနိုဝင်ဘာလ(တတိယပတ်)အထိအတက်အကျမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြဧရာပဒေသာဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀ မှ ၁၃၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ်(၈၃၀၀၀၀)၊ အောင်သုခဆန် တစ်အိတ်လျှင် ကျပ် (၈၄၀၀၀၀)၊ လိပ်မလေးဆန် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊ ဧရာမင်းဆန်တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၇၁၀၀၀)ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်း မွန်ပြီး နိုဝင်ဘာလ(တတိယပတ်)တွင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News