International News

ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိ

Last Updated:

ဒီဇင်ဘာလ ၄ ရက်တွင်ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း   RT သတင်းဌာနက ဖော်ပြထားသည်။ လူများနှင့် နိုင်ငံများသည် ရွှေကိုသေချာ ခိုင်မာသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် သတ်မှတ်ကာ ဝယ်ယူမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင်ဒေါ်လာ ၂၁၁၀ အထိရောက်ရှိလာသည်။ ဂရင်းနစ်စံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်တွင်မူ တစ်အောင်စလျှင် ဒေါ်လာ ၂၀၉၀ သို့ ပြန်လည် ကျဆင်းသွားသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ အနေအထားတွင် မသေချာမရေရာမှုများ မြင့်တက်လာခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊   စီးပွားရေးကျဆင်းနိုင်မှုအပေါ် စိုးရိမ်မှုများမြင့်တက်လာခြင်း၊ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများကို ဖြတ်ချနိုင်သည့် အလားအလာများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင် နှစ်လဆက်တိုက် ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

“၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးနှင့် အတိုးနှုန်းများ ကျဆင်းနိုင်ခြေရှိတယ်လို့ ထင်မြင်ယူဆကြခြင်းကြောင့် ရွှေကိုပိုမို ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြတာပါ။ ၂၀၂၄  ခုနှစ်အကုန်မှာတော့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၂၀၀ အထိ တက်လာနိုင်ပါတယ်”  ဟု ဈေးကွက်ကျွမ်းကျင် ပညာရှင်များက တညီ တညွတ်တည်း ထုတ်ပြန်ထားသည်။ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များအနက် ၂၀ ရာခိုင်နှုန်းကျော်က လာမည့် ၁၂ လအတွင်း ရွှေကိုအရန်အဖြစ်ဝယ်ယူ စုဆောင်းမှု ပိုမိုမြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီက ခန့်မှန်းထားသည်။

အလားတူ  အမေရိကန်ဒေါ်လာကို အရန်ငွေကြေးအဖြစ် ထားရှိခြင်းသည် အားရစရာမကောင်းသော အခြေအနေတစ်ရပ်ဖြစ်လာနိုင်သည်ဟု ၎င်းတို့က ရှုမြင်ထားကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: International News