Local News

ဆန်ပို့ကုန်သမားများအား ပစ္စည်းလက်ဝယ်ရှိမှု၏ (၂) ဆကိုလိုင်စင် ခွင့်ပြု​ပေး​နေ

Last Updated:
ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့ရန် ပြင်ဆင်ထားပြီးပါက လိုင်စင်ထုတ်ယူမှု အခက်အခဲလုံးဝရှိမည်မဟုတ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန မှ သိရသည်။
 
လက်ရှိတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရေးအတွက် စီးပွားကူးသန်းဝန်ကြီးဌာန အနေဖြင့် ထိန်းကျောင်းမှုများကို စနစ်တကျ စီမံဆောင်ရွက်နေကြောင်း သိရသည်။
 
ယင်းသို့ ထိန်းကျောင်းဆောင်ရွက်ရာတွင် ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် တန်ချိန် (၂၆၀) အောက်တင်ပို့မှုများကို တိုက်ရိုက်လိုင်စင်ထုတ်ပေးခြင်းနှင့် တန်ချိန် (၂၆၀) အထက်တင်ပို့ရန် လိုင်စင် လျှောက်ထားမှုများအတွက် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ကာ ပစ္စည်းလက်ဝယ်ရှိမှု၏ (၂) ဆကိုသာ လိုင်စင်ခွင့်ပြုခြင်း စသည့် ထိန်းကျောင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
 
       ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီနှင့် မတ်လတို့တွင် ပြည်တွင်း ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းရုတ်ချည်း မြင့်တက်လာမှုကြောင့် ယင်းဆန်ဈေးမြင့်တက်မှုကို ကာကွယ်နိုင်ရန် ပြည်ပသို့ လစဉ်တန်ချိန် ၁၅၀၀၀၀စီ (၁သိန်းခွဲစီ) တင်ပို့ခွင့်ပြုခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း လက်ရှိအချိန်ထိ ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း (၂.၁၄) သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားကူးသန်း၏ သတင်းအချက်အလက်အရ သိရသည်။
 
       မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မတ်လ ၂၄ ရက်အထိ နိုင်ငံပေါင်း (၄၇) နိုင်ငံသို့ ဆန်တန်ချိန် (၁.၂၈) သန်း တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့အနေဖြင့် နိုင်ငံပေါင်း (၂၈) နိုင်ငံသို့ ဆန်ကွဲတန်ချိန် (၀.၈၆) သန်းတင်ပို့နိုင်ခဲ့သည့်အတွက် စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် (၂.၁၄) သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
Source: Popular News Journal
 
 
Category: Local News