International News

ကမ္ဘာတစ်ဝန်းလုံး လိုက်ပါဆောင်ရွက်ခြင်းမရှိပါက ဥရောပသမဂ္ဂ၏ ကာဗွန်ဆိုင်ရာ အကောက်ခွန်သည် ဓာတ်ငွေ့ ထုတ်လွှတ်မှုအပေါ်တွင် အနည်းငယ်သာ သက်ရောက်မှုရှိနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်

Last Updated:

ဥရောပသမဂ္ဂ (EU) မှ ကာဗွန်ထုတ်လွှတ်မှုမြင့်မားသည့် ထုတ်ကုန်များအား အခွန်ကောက်ခံမှုသည် ရာသီဥတုပြောင်းလဲမှုအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး အာရှနှင့်ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကို အနည်းငယ်သာ ရိုက်ခတ်မှုရှိနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ သုတေသနပြုချက်များအရ သိရပါသည်။ သံမဏိ၊ ဘိလပ်မြေနှင့် လျှပ်စစ်ကဲ့သို့သော ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု အပေါ်အခြေခံ၍ အခွန်ကောက်ခံမည့်အစီအစဉ်ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ကာဗွန်ထိန်းညှိရေးအစီအမံ (Cross Border Adjustment Measure-CBAM) ကို ဥရောပသမဂ္ဂက ၂၀၂၆ ခုနှစ်တွင် စတင်ကျင့်သုံးရန် စီစဉ်နေပါသည်။

ယခုအစီအမံသည် စည်းကမ်းတင်းကြပ်သည့်နိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှုအပေါ် ကောက်ခံသည့် စရိတ်ကြီးမားခြင်းကြောင့် စည်းကမ်းတင်းကြပ်မှုနှင့် ကောက်ခံစရိတ်နည်းသည့်နိုင်ငံများသို့ ရွှေ့ပြောင်းထုတ်လုပ်သူများကြောင့် ဖြစ်ပေါ်လာသည့်“ ကာဗွန်ယိုစိမ့်မှု ” ကိုတားဆီးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ကာဗွန်ထုတ်လွှတ်သော ကုန်စည်များကုန်သွယ်မှုဆိုင်ရာအစီအစဉ်၏ အချက်အလက်များအရ မက်ထရစ်တန်တစ်တန်လျှင် ကာဗွန်အပေါ်ကောက်ခံမှု ယူရို ၁၀၀ (ဒေါ်လာ ၁၀၈) သာရှိသဖြင့် CBAM ကြောင့် ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းသည် ၀.၂ % ထက် လျှော့နည်းကြောင်း၊ တစ်ချိန်တည်းမှာပင် ကာဗွန်ထုတ်လုပ်မှုအပေါ် ကောက်ခံမှုများကြောင့် ဥရောပသမဂ္ဂသို့ ကမ္ဘာအနှံ့အပြားမှတင်ပို့မှုသည် ၀.၄% ခန့်နှင့် အာရှမှတင်ပို့မှုသည် ၁.၁% ခန့် လျော့ကျသွားနိုင်သော်လည်း ဥရောပအတွင်း ထုတ်လုပ်နေသူအချို့ကိုမူ ထိခိုက်မည်မဟုတ်ကြောင်း အာရှစီးပွားရေးပေါင်းစည်းမှု အစီရင်ခံစာ (Asian Economic Integration Report - AEIR) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေးပညာရှင် Albert Park က ထုတ်လုပ်သည့်ကဏ္ဍနှင့်ဒေသ ကွာဟမှုများကြောင့် CBAM အပါအဝင် ကာဗွန်ထုတ်လွှတ်မှုအပေါ် ဈေးနှုန်းဖြင့်ကောက်ခံမှုအစီအမံများသည် ကွဲပြားနေရာ ကာဗွန်ယိုစိမ့်မှုကို တစ်စိတ်တစ်ပိုင်းသာ ကန့်သတ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကာဗွန်ထုတ်လွှတ်မှုကို သိသာစွာလျှော့ချရန်နှင့် ရာသီဥတုဆိုင်ရာ ကြိုးပမ်းမှုများ ပိုမိုထိရောက်စေရန် ကာဗွန်ထုတ်လွှတ်မှုအပေါ် ဈေးနှုန်းဖြင့်ကောက်ခံမှုအစီအမံများသည် ဥရောပပြင်ပ အထူးသဖြင့် အာရှနိုင်ငံများသို့တိုးချဲ့ရန် လိုအပ်မည်ဟု ပြောကြားခဲ့ပါသည်။

အာရှတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့သည် ဥရောပသို့ ကာဗွန်ထုတ်လွှတ်မှုများသော ကုန်စည်များ အများဆုံးတင်ပို့သောကြောင့် ဥရောပ၏ CBAM နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ကုန်သွယ်မှုစနစ်တို့အရ အဓိကထိခိုက်နစ်နာမည်ဖြစ်ကြောင်း၊ အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှုအပေါ် အခွန်ကောက်ခံမှုကို ကျင့်သုံးရန် သင့်လျော်သည့်နည်းလမ်းများ အားပေးသင့်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

အစီရင်ခံစာက နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ကာဗွန်လျှော့ချရေးနည်းလမ်းများကိုလည်း အကြံပြုထားရာ (က) ရာသီဥတုနှင့်ကိုက်ညီသော ကုန်စည်နှင့်ဝန်ဆောင်မှုများကုန်သွယ်ရေးကို ဦးတည်သည့်မူဝါဒများကျင့်သုံးရန်၊ (ခ) ပတ်ဝန်းကျင် ထိန်းသိမ်းရေးစည်းမျဉ်းများနှင့် စံချိန်စံညွှန်းများကို ထောက်ခံအားပေးရန်၊ (ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုအားပေးသည့် နည်းပညာများ လွှဲပြောင်းရာတွင် လွယ်ကူချောမွေ့စေရန်၊ (ဃ)အစိမ်းရောင် အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေး အစိုးရနှင့်နိုင်ငံတကာအဖွဲ့အစည်းများအား ပံ့ပိုးကူညီရန်တို့ ပါဝင်ပါသည်။ ထို့ပြင် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ခြေရာခံနိုင်ရေး ကမ္ဘာနှင့်အဝှမ်းလက်ခံထားသည့် ဘဏ္ဍာရေးမူဘောင်လည်းလိုအပ်ကြောင်း ဖော်ပြထား ပါသည်။

အာရှစီးပွားရေးပေါင်းစည်းမှုအစီရင်ခံစာ (AEIR 2024) အရ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်အပေါ် စိုးရိမ်မှုများရှိသော်လည်း အာရှဈေးကွက်သည် COVID-19 ကူးစက်ရောဂါနောက်ပိုင်း ပြန်လည်ကောင်းမွန်လာကြောင်း၊ မကြာသေးမီ ကာလများကတည်းက အာရှနိုင်ငံများတွင် ဒေသတွင်း ဗဟိုပြုမှု (regionalization) သည် တိုးတက်လာခဲ့သော်လည်း မိမိတိုင်းပြည်သို့ ပြန်၍ ရင်းနှီးမြှုပ်နှံခြင်း (reshoring) သည် အာရှ၌ဖြစ်စေ၊ ကမ္ဘာတလွှား၌ဖြစ်စေ စိတ်ဝင်စားလာမည့်အခြေအနေ မရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာက ဖော်ပြထားပါသည်။

Source: https://www.adb.org

Source: https://commerce.gov.mm

Category: International News