Local News

ဒေသထွက် နဂါးမောက်သီးများ စတင်ရောင်းချ၍ စိုက်ပျိုးသူများဝင်ငွေရရှိ

Last Updated:

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက် သီးနှံများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။

          မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုး သုံးမျိုးမှာ အပြင်အခွံအနီရောင်းနှင့် အတွင်းသား အဖြူရောင်ရှိသောမျိုးအပြင် ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားနေရာများတွင် နဂါးမောက်သီးများကို မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီးများ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း စတင်ရောင်းချနေကြ‌ကြောင်း၊ နဂါးမောက်သီးသည်မေလမှ အောက်တိုဘာလအထိ (၇-၈) ကြိမ်ခန့် ခူးဆွတ်ရပြီး တစ်နှစ်လျှင် (၅-၆) လခန့် ဝင်ငွေရရှိနိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက်သီးနှံ တစ်ခုဖြစ်ကြောင်း သိရသည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှင့် အကြီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News