Local News

ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးအနု အလုံး ၁၀၀ လျှင် ငွေကျပ် ၄၅၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးအနု အလုံး ၁၀၀ လျှင် ငွေကျပ် ၄၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ် ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ဌေးခိုင်က ပြောပြ၍ သိရသည်။

       ကျိုက်လတ်မြို့နယ်၌ မတ်လ၊ ဧပြီလ၊ မေလတို့တွင် ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၃၂၀၀ သာ ဈေးရှိခဲ့ပြီး ဇွန်လပထမပတ်မှ စတင်ဈေးကောင်းလာပြီး ဇွန်လ ၁ ရက်မှ ယနေ့(ဇူလိုင်လ-၅)ရက်နေ့ထိ ကွမ်းသီးအနုအလုံး ၁၀၀ လျှင် ငွေကျပ် ၄၅၀၀ ထိ ဈေးကောင်း ရရှိလာကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ ဈေးကောင်းရရှိနေခြင်းသည် ပြင်ပဈေးကွက်က ဝယ်ယူမှုအားကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

          “ပြည်ပဈေးကွက်က ဝယ်ယူအားကောင်းလာလို့ တင်ပို့နေရတာကြောင့် ဈေးကောင်းရရှိနေတာပါ။ လက်ရှိကွမ်းသီးအနုအလုံး ၁၀၀ ကို ငွေကျပ် ၄၅၀၀ ထိဈေးပေါက်လာပါတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးအနုတွေ တင်ပို့ရောင်းချနေတာပါ။ ရန်ကုန်ကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့နေရလို့ ဈေးကောင်းရရှိနေတာပါ။ ဈေးကောင်းလည်းရ၊ ဝယ်လိုအားကလည်း ကောင်းတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့ လတွေက ကွမ်းသီးအနုဈေးက အလုံး ၁၀၀ ကို အမြင့်ဆုံး ငွေကျပ် ၃၂၀၀ ထိပဲ ရရှိခဲ့တာပါ။ အခု ကွမ်းသီးအနုတွေလိုသ‌လောက် ဝယ်ယူလို့မရတဲ့ထိဖြစ်နေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ဌေးခိုင်က ပြောပြသည်။

          ကျိုက်လတ်မြို့နယ်မှ ထွက်ရှိသည့်ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများအရောက် သွားရောက်ဝယ်ယူ၍ စနစ်တကျ ရွေးချယ်ထုပ်ပို့ပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ယခင်က ကွမ်းသီးအစိမ်း၊ အမှည့် ဈေးကွက်နှစ်မျိုးသာရှိပြီး ယခုအခါ ရင့်မှည့်ချိန်ထိ စောင့်ရောင်းရန်မလိုဘဲ ကွမ်းသီးအနုများပါ ဝယ်ယူလာခြင်းကြောင့် ကွမ်းသီးပင် စိုက်ပျိုးသူများ အဆင်ပြေနေကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News