Local News

မြန်မာ့ကော်ဖီကိုနိုင်ငံခြားသို့တင်ပို့ရာတွင် Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိ

Last Updated:

          မြန်မာ့​ကော်ဖီသည်ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အလားအလာရှိ​နေကြောင်း၊ မြန်မာ့ကော်ဖီကို အင်္ဂလန်၊ အမေရိကန်၊ ဂျပန်နှင့် သြစတေးလျနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိပြီး Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

        ကော်ဖီဈေးကွက်တွင် ကော်ဖီစေ့ အရည်အသွေးကောင်းပါက Export ကော်ဖီစေ့ (၁)တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် စျေးရရှိပြီး အရည်အသွေးနိမ့်ပါက ကော်ဖီစေ့(၁)တန်လျှင် ကျပ်သိန်း ၅၀ အထက် ရရှိကြောင်း၊ ပြည်ပတင်ပို့မှုအနေဖြင့် အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊သြစတေးလျနိုင်ငံ၊တရုတ်နှင့်ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်းနှင့် ယခုနှစ်ပိုင်းတွင် 2 in 1၊ 3 in 1  အဖြစ်တန်ဖိုးမြှင့်ထုတ်လုပ်ရန်ပြည်တွင်းလုပ်ငန်းရှင်များမှလည်း အရည်အသွေးကောင်း ကော်ဖီစေ့ကိုသာဝယ်ယူ ထုတ်လုပ်လာခြင်းကြောင့် ပြည်တွင်း၊ ပြည်ပဈေးနှုန်းကွာဟမှုကြီးကြီးမားမားမရှိကြောင်း သိရသည်။ 

          မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် လာမည့်နှစ်များအတွင်း စိုက်ဧက နှစ်သိန်းခန့်ရှိရန် ရည်မှန်းစိုက်ပျိုးခဲ့ပြီး နှစ်အလိုက် ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ရာ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် တန်ချိန် ခြောက်သောင်းအထိရှိလာရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံအတွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          နိုင်ငံပိုင် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံများသည် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားဖြစ် ကော်ဖီထုတ်လုပ်ရေးအတွက် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည်ပသို့ တင်ပို့ရောင်းချရန်နှင့် ပြည်တွင်းစားသုံးမှု ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့်အပြင် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့် ပျိုးပင်များဖြန့်ဖြူးပေးခြင်း၊ နည်းပညာများ ပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံပိုင်ခြံများ၏ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု ဧရိယာမှာ ၃၂၆ ဟက်တာရှိပြီး ပင်အို၊ ပင်ဟောင်းများကို အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းမျိုးများဖြင့် အစားထိုးလဲလှယ်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

          ယခုအခါ မြန်မာ့ကော်ဖီဈေးကွက်မှာ မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ် သာမက တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချပေးနိုင်ပါက ဈေးကွက်ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း၊  မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများကပင် စိတ်ဝင်စားလာလျက်ရှိနေရာ ကော်ဖီစိုက်ပျိုးသူ တောင်သူကြီးများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသော ကော်ဖီမျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက တန်ဖိုးမြှင့် ကော်ဖီများထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အလားအလာရှိနေကြောင်းလည်း သိရသည်။

Source: Popular NewsnJournal

Category: Local News