Local News

ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်းများ ပြည်ပသို့ တင်ပို့၊ တင်သွင်းခွင့်ပြုမည့်လုပ်ငန်းစဉ်များ ပြင်ဆင်ထုတ်ပြန်

Last Updated:

          ရွှေဖြင့် ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း၊ လက်ဝတ်ရတနာ၊ အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပသို့တင်ပို့၊ တင်သွင်းခွင့်ပြုရန်အတွက် လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဇူလိုင်လ ၃ ရက်စွဲဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ပို့ကုန်လိုင်စင်ကို Letter of Credit (LC) သို့မဟုတ် Telegraphic Transfer (TT) စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး တင်ပို့လိုသူများအနေဖြင့် ပူးတွဲပါ တင်ပို့၊ တင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းစဉ် (Standard Operating Procedure – SOP) အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

      ဇူလိုင်လ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာပါ သတ်မှတ်ချက်များသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၀/၂၀၂၀)ကို ယခုသတင်းလွှာဖြင့် လွှမ်းမိုးပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများကို တင်ပို့တင်သွင်းခွင့်လုပ်ငန်းဆောင်ရွက်လိုသူသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ထားခြင်းမရှိသေးပါက Myanmar Tradenet 2.0  စနစ်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ပါ သတ်မှတ်ချက်များအပြင် ယင်းသို့ တင်ပို့တင်သွင်းခြင်းအတွက် သတ္တုတွင်းဦးစီးဌာန၏ ခွင့်ပြုမိန့် (သို့မဟုတ်) ထောက်ခံချက် (သို့မဟုတ်) မြို့နယ်စည်ပင် သာယာရေး ကော်မတီ၏လုပ်ငန်းလုပ်ကိုင်ခွင့်(မူရင်း/ မိတ္တူ)၊ ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းစာအုပ် (မူရင်း/မိတ္တူ)စသည်တို့ပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

          ယင်းအပြင် တင်ပို့၊ တင်သွင်းမည့်ပစ္စည်းအပေါ် စိစစ်တန်ဖိုးဖြတ်ရန် လျှောက်ထားရာတွင် ကုမ္ပဏီသည် တင်ပို့၊ တင်သွင်းမည့်ပမာဏ၊ စံချိန်စံညွှန်းဈေးနှုန်းနှင့်တန်ဖိုးသတ်မှတ်ချက်အား UMFCCI ရုံး၊ တတိယထပ်တွင် ဖွင့်လှစ်ထားသည့် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်အဖွဲ့(OSSC) အဖွဲ့ခေါင်းဆောင်ထံသို့ လိပ်မူ၍ ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ စံချိန်စံညွှန်းများကို ဖော်ပြ၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

    ထို့ပြင် တင်ပို့တင်သွင်းခွင့်လိုင်စင်လျှောက်ထားရာတွင် OSSC ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ကိုယ်စားလှယ်ရုံးအဖွဲ့၌ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် သတ်မှတ်အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြစစ်ဆေးမှုခံယူပြီး Myanmar Tradenet 2.0 စနစ်တွင် ဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သတ်မှတ်အခွန်ဆောင်ရာတွင် ပုံမှန် တင်ပို့၊ တင်သွင်းခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရမည့်အခွန်များကို နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ သတ်မှတ်အခွန်နှုန်းထားများအတိုင်း အကောက်ခွန်ဦးစီးဌာနတွင် အကောက်ခွန်နှင့် တစ်ပါတည်းပေးဆောင်ရမည်ဖြစ်သည်။

       CMP စနစ်ဖြင့် တင်ပို့တင်သွင်းခြင်းအတွက် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ တင်ပို့တင်သွင်းချိန်ကာလအတွင်း အကျုံးဝင်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတိုနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ရွှေဖြင့်ပြုလုပ်သော တန်ဖိုးမြှင့်ပစ္စည်း လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် မှတ်ပုံတင်လျှောက်ထားခြင်း၊ စိစစ်တန်ဖိုး ဖြတ်ရန် လျှောက်ထားခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ သတ်မှတ်အခွန်များပေးဆောင်ခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ စစ်ဆေးခံယူခြင်း အဆင့်ခြောက်ဆင့်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

Source: Popular Newsn Journal

Category: Local News