Local News

Hass အမျိုးအစား ထောပတ်သီးများ နိုဝင်ဘာလဒုတိယပတ်မှစ၍ ထိုင်းနိုင်ငံသို့ တင်ပို့မည်

Last Updated:

ယခုနှစ် ထောပတ်သီးရာသီဖြစ်သည့် နိုဝင်ဘာလဒုတိယပတ်မှစ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောပြ၍ သိရသည်။

ယခုနှစ် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့သွားမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့သည့် Hass အမျိုးအစားထောပတ်သီးရင့်မှည့်ချိန်သည် နိုဝင်ဘာလဖြစ်သည့်အတွက် နိုဝင်ဘာလဒုတိယပတ်မှစတင်ကာ တင်ပို့သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပသို့တင်ပို့သည့် Hass အမျိုးအစားထောပတ်သီးသည် တစ်ကီလိုလျှင် ကြမ်းခင်းဈေး မြန်မာငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ ထိ မှန်းထားကြောင်း သိရသည်။

“ရာသီအစမှာ ကြမ်းခင်းဈေးတွေကတော့ တစ်မျိုးနဲ့တစ်မျိုး မတူပါဘူး။ ဥပမာ အမရာဆိုရင် တစ်ကီလိုကို မြန်မာငွေကျပ် ၅၀၀၀ က အများဈေးပေါ့။ စားတဲ့သူဆို ငွေကျပ် ၈၀၀၀ လောက် ပေးစားရမှာပေါ့။ ဘာကေးနီးယားဆိုရင် တစ်ကီလိုကို မြန်မာငွေကျပ် ၄၀၀၀ပေါ့။ ကျွန်တော်တို့ Export လုပ်မဲ့ Hass ကတော့ ကြမ်းခင်းဈေး တစ်ကီလိုကို မြန်မာငွေကျပ် ၄၀၀၀ လောက်တော့ ဖွင့်ထားပေးတယ်ပေါ့။ တစ်ကီလိုကို ငွေကျပ် ၄၀၀၀ ဆိုတာက အကုန်လုံးကို ယူတဲ့ဈေးပါ။ ဒါက ပြီးခဲ့တဲ့လက ဖွင့်ထားတဲ့ဈေး။ အခု ရာသီစပြီဆိုတော့ ကြမ်းခင်းဈေး ငွေကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ ကြားကို မှန်းထားတယ်” ဟု ဦးကျော်စိုးမင်းက ပြောပြသည်။

ယခုနှစ် ပြည်တွင်း ထောပတ်သီးရာသီအစသည် ပြီးခဲ့သည့်နှစ်ထောပတ်သီးရာသီ အဖွင့်ထက်ဈေးကွက်ကောင်းနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ် တစ်ကီလိုလျှင် ငွေကျပ် ၂၅၀၀ မှ ၄၀၀၀ ထိသာ ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ကြမ်းခင်းဈေးသည် ငွေကျပ် ၅၀၀၀ ထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News