International News

အိန္ဒိယနိုင်ငံ၌ ကြက်သွန်နီ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်

Last Updated:

အိန္ဒိယပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးကွက်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၈-၁၀-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာ စာ ထုတ်ပြန်ရာ၌ ဘန်ဂလောနှင်းဆီနှင့် ခရစ်ရှနာပူရမ် ကြက်သွန်နီ အမျိုးအစားများမှအပ ပြုပြင် ထုတ်လုပ်ထားခြင်းမရှိသော HS Code 07031010 နှင့် HS Code 07122000 ခေါင်းစဉ်များ အောက်ရှိ ကြက်သွန်နီ အားလုံးအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို သင်္ဘောပေါ်အရောက် FOB ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ သတ်မှတ်ကြောင်း၊ အမိန့်ထုတ်ပြန်ချက်သည် ၂၉-၁၀-၂၀၂၃ နေ့မှ ၃၁-၁၂-၂၀၂၃ နေ့အထိ သက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် အမိန့်ထုတ်ပြန်မှု မတိုင်မီ အကောက်ခွန်ဦးစီးဌာန၌ ပြည်ပတင်ပို့ရန် မှတ်ပုံတင်ထားပြီး သက်ဆိုင်ရာအကောက်ခွန်စခန်းသို့ ရောက်ရှိဆောင်ရွက်ဆဲ ကြက်သွန်နီပို့ကုန်များမှာ ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆိပ် ကမ်းရှင်းလင်းဆဲ ကြက်သွန်နီပို့ကုန်များကို ၃၀-၁၁-၂၀၂၃ နေ့အတွင်း အပြီးသတ် တင်ပို့ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

မဟာရဋ္ဌပြည်နယ်ရှိ အဓိကဈေးကွက်ဖြစ်သော လာဆယ်ဂွန် ကုန်စည်ဒိုင်တွင် ကြက်သွန်နီ ပျမ်းမျှ လက်ကားဈေးနှုန်းများသည် လွန်ခဲ့သော သီတင်းပတ်၌ ၁၈% မြင့်တက်ခဲ့ပြီး ရက်သတ္တ နှစ်ပတ်အတွင်း ဈေးနှုန်းမြင့်တက်မှုမှာ ၆၀% ရှိကြောင်း၊ ၂၅-၁၀-၂၀၂၃ နေ့၌ ဒေလီမြို့တွင် အရည် အသွေး အကောင်းဆုံး ကြက်သွန်နီ၏ အမြင့်ဆုံးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၅၀ နှုန်းရှိပြီး ‌လက်လီအရောင်းဆိုင်များ၌ ၁ ကီလိုဂရမ်လျှင် ၆၅ ရူပီးမှ ၈၀ ရူပီးအတွင်း ရောင်းချလျက်ရှိ ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းတင်ရောက်လာမည့် ဒီဇင်ဘာလတိုင်အောင် ကြက်သွန်နီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြပါသည်။

Source: Economic Times, 28 Oct 2023

Source:https://www.doca.gov.mm/my/node/14977

Category: International News