Local News

ကြံတစ်တန်ကို ၁၁၀၀၀၀ ကျပ်ဖြင့်စျေးစဖွင့်၊ အနည်းဆုံး ၁၃၀၀၀၀ ကျပ်မှ အဆင်ပြေမည်ဟု တောင်သူများဆို

Last Updated:

       ယခု ၂၀၂၃ - ၂၀၂၄  ကြံစိုက်ရာသီတွင် စက်ရုံအရောက်စျေး ကြံ (၁)တန်ကို ၁၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သကြားစက်ရုံတစ်ခုမှ စတင်ကြေငြာခဲ့ကြောင်းကြံစိုက်တောင်သူများထံမှ သိရသည်။ အဆိုပါ ကြံတစ်တန် ၁၁၀၀၀၀ စျေးနူန်းတွင် စက်ရုံသို့သယ်ယူပို့ဆောင်ခဖြစ်သည့် ကားငှားခ၊ အလုပ်သမားငှားရမ်းခများလည်း ပါဝင်သောကြောင့် တောင်သူများအနေဖြင့် ကြံတစ်တန် ရရှိနူန်းသည် ၈၀၀၀၀ ကျပ်နှင့် ၉၀၀၀၀ ကျပ်သာရှိဟု သိရသည်။ ကြံတစ်တန် ၁၁၀၀၀၀ ကျပ်ဖြင့် စတင်ဝယ်ယူမည့်အကြောင်းကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်ရုံက သြဂုတ်လပထမပတ်တွင် စတင်အသိပေးခဲ့ခြင်းဖြစ်သည်။ 

     "အရင်က ကြံပို့ဖို့ ကိုယ့်ဘာသာကားရှာရတယ်၊ကိုယ့်အလှည့်ကျကားမရလို့ဒုက္ခရောက်ရတာရှိတယ်။ အခုကျ ကားအဖွဲ့တွေပါပေါ်လာတယ်၊ စက်ရုံက မနက်ဖြန် ကြံလာယူမယ်ဆိုရင် ကားကရောက်လာတယ်။ အလုပ်သမားနဲ့တင်သွားတယ်။ တောင်သူစိတ်ရှုပ်ရသက်သာသွားတာ‌ပေါ့။ အရင်နှစ်ကတော့ဒီဘက်မှာ ကြံတစ်တန် ၈၅၀၀၀ ပေးတယ်၊ အဲ့ဒီမှာ တောင်သူက ၆၀၀၀၀ ပဲရတယ်။ သကြားစက်ကပေးတဲ့စျေးနဲ့ ရောင်းရတယ်၊ ကျွန်တော်တို့မှာစောဒကတက်ခွင့်မရှိဘူး။ ပိုရရင်တော့ကောင်းတာပေါ့ဗျာ" ဟု ဆွာမြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးမြင့်အေးမှပြောသည်။ 

     ယခုနှစ်တွင် ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆေး၊ အလုပ်သမားငှားရမ်းခ၊ စက်သုံးဆီစျေး၊ လယ်ယာမြေအသုံးပြု စက်များငှားရမ်းခစသဖြင့် စျေးနူန်းများမြင့်တက်လာခြင်းကြောင့် ကြံတစ်ဧက စိုက်ပျိုးခြင်းအတွက် ကုန်ကျစရိတ်သည် လုပ်ကိုင်သည့်အပေါ်မူတည်ကာ ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထက်ကုန်ကျနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကြံစိုက်တောင်သူများသည် ယခုနှစ်ကြံခုတ်ဝါးရာသီတွင် သကြားစက်များအားလုံး  ကြံတစ်တန်ကို ၁၃၀၀၀၀ ကျပ်မှစပြီး စျေးပေးစေလိုကြောင်း ပြောဆိုကြသည်။ 

     ကြံမှထွက်ရှိသည့် သကြားစျေးသည်လည်း စျေးတန်းအမြင့်တွင်ရောက်ရှိနေသည့်အတွက်ကြံဝယ်ယူသည့်စျေးကို မြှင့်ပြီးဝယ်ယူစေလိုခြင်းဖြစ်ဟု တောင်သူများမှဆိုသည်။ "ကြံတစ်တန် ၁၃၀၀၀၀ လောက်ရမှ စာချုပ်ချုပ်စေချင်တယ်၊ ဘာလို့ဆိုအခု သကြားစျေးကလည်း  ၃၂၀၀  ကျပ်ရှိတယ်၊ ကြံတစ်တန်ကို ကြိတ်ဝါးရင် သကြားပိဿာ ၇၀ လောက်  ထွက်တယ်၊ အဲ့ဒီတော့စဉ်းစားကြည့်ပါ၊ အရင်နှစ်က မြေသြဇာတစ်အိတ်ကို  ၁၁၀၀၀၀ ဝန်းကျင် ပဲရှိတယ်၊ ကြံတတန်က ၉၅၀၀၀ ကျပ် ရတယ်၊ ခုနှစ်က မြေသြဇာတစ်အိတ်၁၃၀၀၀၀ တက်သွားတယ်၊ ကြံတစ်တန် ၁၁၀၀၀၀ ဆိုတော့ နည်းလွန်းတယ်။ နှစ်ဦးနှစ်ဖက်မျှပြီး လုပ်ပေးကြပါလို့ပြောချင်တယ်" ဟု အောင်လံမြို့နယ်၊ ကြံစိုက်တောင်သူတစ်ဦးမှပြောသည်။ 

   ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ရှိသော သကြားစက်များအနေဖြင့်  ကြံတစ်တန်ကို အနည်းဆုံး ၁၃၀၀၀၀ ကျပ်မှစပြီး တပြေးညီတည်း  စျေးပေးဝယ်ယူသင့်ကြောင်း  ကြံစိုက်တောင်သူများမှပြောသည်။ သို့သော် ယခုစျေးစဖွင့်သည့် ကြံတစ်တန် ၁၁၀၀၀၀ ကျပ်ဆိုသည့်နူန်ထားသည် ကြံခုတ်ဝါရာသီများထဲတွင် အမြင့်ဆုံးစျေးတန်းတစ်ခုဖြစ်  ကြောင်း သိရသည်။ 

     ပြည်တွင်းတွင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှ့ နေရာအချို့တွင်  သကြားစက်ရုံ ၂၃ ရုံရှိပြီး ၎င်းတို့၏ နှစ်စဉ်ကြံကြိတ်ဝါးရာသီရောက်တိုင်း ကြံဝယ်ယူသည့်စျေးနူန်းများ တူညီမှုမရှိသဖြင့် စျေးနည်းဝယ်ယူခြင်းခံရသည့်ဒေသရှိ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိမှုနည်းကြောင်း သိရသည်။ ယခင်နှစ် ကြံခုတ်ဝါးရာသီချိန်တွင် သကြားစက်ရုံအများသည် ကြံတစ် တန်ကို ၈၅၀၀၀ ကျပ်မှစပြီး   ၉၅၀၀၀ ကျပ်အထိ အများဆုံးပေးဝယ်ယူမှုရှိ ခဲ့ပြီး စက်ရုံအနည်းစုကမူ  ကြံတစ်တန်ကို ၁ သိန်းကျပ်ပေးကာ ဝယ်ယူမှု ရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ တွင် ကြံစိုက်ဧကပေါင်း  ၄ သိန်း ခွဲဝန်းကျင်ရှိကြောင်း၊ ကြံကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးမှုရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စသည့်ဒေသအချို့တွင့်လည်း စိုက်ပျိုးမှုရှိကြောင်း သိရသည်။ 

Source: Myanma Awba 

 

Category: Local News