Local News

ယခုဘဏ္ဍာနှစ် အောက်တိုဘာလတွင် ပြည်တွင်းကုမ္ပဏီ ၃၈ ခုက ဆန်နှင့် ဆန်ကွဲ ၁၁၉၅၂၆ တန် တင်ပို့ရောင်းချပေးခဲ့

Last Updated:

ယခုဘဏ္ဍာနှစ် အောက်တိုဘာလတွင် ပြည်တွင်းကုမ္ပဏီ ၃၈ ခုက ဆန်နှင့်ဆန်ကွဲ ၁၁၉၅၂၆ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။ မြန်မာနိုင်ငံက ဆန်နှင့် ဆန်ကွဲများကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများသို့ လစဉ်တင်ပို့ရောင်းချပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ် အောက်တိုဘာလတွင် ပြည်တွင်းကုမ္ပဏီ ၃၈ ခုက ဆန် ၈၀၁၁၅ တန်နှင့် ဆန်ကွဲ ၃၉၄၁၁ တန် စုစုပေါင်း ဆန်နှင့် ဆန်ကွဲ ၁၁၉၅၂၆ တန်တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တင်ပို့ရောင်းချပေးရာတွင် ဆန်ကိုပြည်ပဖောက်သည်ဈေးကွက် နိုင်ငံ ၂၃ နိုင်ငံ၊ ဆန်ကွဲကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံ ၁၁ နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း၊ အဆိုပါ ဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ရောင်းချပေးခဲ့ရာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၀၇၀၀ နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲ ၈၈၂၆ တန် စုစုပေါင်း ဆန်နှင့် ဆန်ကွဲ ၁၁၉၅၂၆ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချပေးခဲ့ရာတွင် ဆန်ကို အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၄၀၁၅၀ ဖြင့် အများဆုံးတင်ပို့ရောင်းချပေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၈၃၂၀ ဖြင့် ဒုတိယအများဆုံး၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၇၇၅၀ ဖြင့် တတိယအများဆုံး၊ တရုတ်နိုင်ငံသို့ တန်ချိန် ၃၇၅၀ တန်ဖြင့် စတုတ္ထအများဆုံးနှင့် လစ်သူရေးနီးယားနိုင်ငံသို့ ၃၁၇၅ တန်ဖြင့် ပဥ္စမအများဆုံး တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဆန်ကွဲကိုလည်း တရုတ်နိုင်ငံသို့ ၁၃၆၈၆ တန်ဖြင့် အများဆုံး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ၁၁၉၇၅ တန်ဖြင့် ဒုတိယအများဆုံး၊ နယ်သာလန်နိုင်ငံသို့ တန်ချိန် ၅၅၀၀ တန်ဖြင့် တတိယအများဆုံး၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ တန်ချိန် ၄၅၀၀ တန်ဖြင့် စတုတ္ထအများဆုံးနှင့် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၄၂၀ တန်ဖြင့် ပဥ္စမအများဆုံး တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက ဆန်နှင့် ဆန်ကွဲများကို ပြညပဖောက်သည်ဈေးကွက်နိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်က ဆန်နှင့် ဆန်ကွဲ ၂၁၆၄၆၈၁ တန်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ဆန်နှင့် ဆန်ကွဲ ၂၂၆၁၂၀၃ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News