Local News

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချသွားမည်

Last Updated:

ယခုနှစ်တွင် မြန်မာ့သကြားကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများစွာက ဝယ်ယူရန်ကမ်းလှမ်းထားမှုများ ရှိနေသော်လည်း ဗီယက်နမ်နိုင်ငံသို့သာ အဓိကတင်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

သကြားထုတ်လုပ်မှုလုပ်ငန်း၏ အဓိကကုန်ကြမ်းပစ္စည်းဖြစ်သည့် ကြံသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၏ အရှေ့ခြမ်းဒေသများ၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)ဒေသတို့တွင် အဓိကစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကြံသီးနှံစိုက်ပျိုးရာ ဒေသများတွင် သကြားစက်ရုံများ တည်ဆောက်ကာ သကြားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မြန်မာတစ်နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း ၂၃ ရုံရှိကြောင်း၊ အဆိုပါ စက်ရုံများမှ တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစားသုံးမှုမှပိုလျှံသည့် သကြားများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်း၊ မြန်မာ့ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်လေ့ရှိသဖြင့် ယခုအခါ ပြည်တွင်းရှိ သကြားစက်ရုံများမှ ကြံများကိုကြိတ်ခွဲကာ သကြားထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ရှိလာမည့် သကြားများကို ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံ ဖောက်သည်ဈေးကွက်သစ်တို့က ဝယ်ယူလိုကြောင်း စက်တင်ဘာလကတည်းက ဆက်သွယ်ကမ်းလှမ်းလာခဲ့ကြောင်း၊ ထို့ပြင် လက်ရှိဖောက်သည်ဈေးကွက်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံကပါ သကြားတန်ချိန် ၁၀၀၀၀ ထိ တိုးမြှင့်ဝယ်ယူရန် အမှာစာများပေးပို့ထားသောကြောင့် ယခုနှစ်ကြံရာသီတွင် မြန်မာ့သကြားကို ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများစွာက ဝယ်ယူရန်ကမ်းလှမ်းထားမှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံသို့သာ အဓိကတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ဒီဇင်ဘာလမှ စတင် တင်ပို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်ပြည်တွင်း၌ လက်ကျန်သကြားတန်ချိန် ၅၀၀၀၀ ကျော်သာ ကျန်ရှိနေသော်လည်း ယခုအခါသကြားစက်များ စတင်လည်ပတ်လုပ်ကိုင်နေပြီဖြစ်သဖြင့် သကြားလုံလောက်မှုရှိနေကြောင်း၊ ထို့ပြင် လက်ရှိအချိန်တွင် နိုင်ငံတကာ သကြားဈေးကွက်များတွင် ဈေးကောင်းရနေသကဲ့သို့ ပြည်တွင်းဈေးကွက်များအတွင်းတွင်လည်း ဈေးကောင်းရနေသဖြင့် သကြားစက်များက ကြံများကိုဈေးတိုးမြှင့် ဝယ်ယူလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း သကြားစက်ရုံများက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကြံရာသီက ကြံတစ်တန်လျှင် ငွေကျပ် ၉၀၀၀၀ ထိသာ ဈေးပေးဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် စက်ရုံအရောက်ဈေးနှုန်း ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀၀၀၀ ထိ ဈေးပေးဝယ်ယူနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News